လူထုဝန်းကျင်မှအနုပညာများ (၂)


Anish Kapoor, "Cloud Gate" (with NURBS overlay), stainless steel, 10 m × 13 m × 20 m, 2006

…………….

ကမ္ဘာမှာ လူမှုဘဝတွေပြောင်းလဲတိုးတက်လာသလို အနုပညာရဲ့သဘောတရားတွေကလည်း ပြောင်းလဲဖြစ်ပေါ်နေတယ်။ ဒီအထဲမှာ လူထုပတ်ဝန်းကျင်မှာတွေ့ရလေ့ရှိတဲ့ အနုပညာတွေလည်းအပါအဝင်ပါပဲ။ လူထုဝန်းကျင်က အနုပညာ(Public Art)ဆိုတာ မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင်လောကအကြောင်း မိမိတို့ဘယ်လောက်နားလည်သိမြင်တယ်၊ မိမိတို့မှတ်ဉာဏ်နဲ့ယုံကြည်မှုတွေအပေါ် အပြန်အလှန်သုံးသပ်နိုင်စွမ်းဘယ်လောက်ရှိတယ်၊ ဝန်းကျင်ကို ဘာတွေနောက်ထပ်ဖန်တီးဖြည့်စွက်ပေးနိုင်တယ်

ဆိုတာကို စမ်းသပ်ပေးတဲ့အနုပညာတွေ လို့ဆိုပါတယ်။ ယခင်က ကြီးမြတ်တဲ့လူသားတွေကိုဂုဏ်ပြုတဲ့ အထိမ်းမှတ်ရုပ်တုတွေရှိသလို လက်ရှိပတ်ဝန်းကျင်နဲ့ လိုက်ဖက်ပီးအဓိပ္ပါယ်လည်းရှိတဲ့ အခြားပုံစံမျိုးစုံကိုလည်း ဒီနေ့မှာပိုမိုတွေ့လာနိုင်ပါပြီ။ လူထုအနုပညာတွေဟာ အများအားဖြင့် လူမှုအသိုင်းဝိုင်းရဲ့

လက်ခံမှုစံနှုန်းတွေ၊ သက်ရှိသတ္တဝါတွေနဲ့သဘာဝကြားကအဆက်စပ်တွေကိုဆန်းဆစ်နားလည်ဖို့ တွန်းအားတစ်ခုခုပေးလေ့ရှိပါတယ်။


မြို့ပြ နိုင်ငံတိုင်းမှာ မတူတဲ့တောတောင်မြေပြင်၊ ရာသီဥတုနဲ့ မြို့ကွက်အခင်းကျင်း(လန်းစကေ့ပ်)အမျိုးမျိုးရှိကြတယ်။ အဲဒီကွဲပြားခြားနားမှုက လူထုအနုပညာတွေမှာထင်ဟပ်လေ့ရှိတယ်။ တစ်နည်းအားဖြင့် အနုပညာဆိုတာ လူမှုအသိုင်းဝိုင်းအကြောင်းကို ပြောပြနေတဲ့အရာတွေပါပဲ၊ ၁၉၆၀ ဝန်းကျင်မှာ ခရစ်စတိုနဲ့ ဂျင်နီတို့ဇနီးမောင်နှံဟာ ပတ်ဝန်းကျင်အနုပညာပရောဂျက်တွေကို စတင်ဖန်တီးခဲ့ကြတယ်၊ သဘာဝကိုအသစ်တဖန်မြင်ရပြီး အနုပညာကိုပါ ပြန်လည်အဓိပါယ်ဖွင့်ဆိုနိုင်တဲ့ လက်ရာမျိုးတွေ အံ့မခန်းဖန်တီးခဲ့ကြတယ်။ သူတို့ဖန်တီးမှုတွေက ဧရာမအရာတွေချည်းပါပဲ၊ နန်းတော်အဆောက်ဦးတစ်ခုလုံးကို အဝတ်နဲ့ပတ်ချည်တာမျိုး၊ တံတားတစ်စင်းလုံး၊ တောင်တန်းတစ်ခုလုံးကို အဝတ်တွေနဲ့ဖုံးအုပ်ချည်နှောင်ပြတာမျိုးတွေ။ ယာယီဖန်တီးပြသမှုတွေများပါတယ်။ ရေပြင်ထဲကကျွန်းပတ်လည်မှာ ဆိပ်ခံကျွန်းမြောကြီးတွေခင်းတာမျိုး၊ ရေပြင်ကိုဖြတ်ပြီး ကျွန်းတစ်ခုနဲ့တစ်ခုမိုင်များစွာကို လူတွေလမ်းလျှောက်ဖြတ်သန်းနိုင်အောင် ယာယီ ရေပေါ်ဆိပ်ခံလမ်းရှည်ကြီးထိုးတာမျိုးပေါ့။တောင်ကုန်းလွင်ပြင်ကြီးတစ်ခုလုံး ဧကများစွာကို ထီးတိုင်ကြီးတွေလိုက်စိုက်ထားတာမျိုး တခြားများစွာလည်းရှိပါသေးတယ်။ ဒီပရောဂျက်တွကိုနိုင်ငံတွေရဲ့ အနုပညာအဖွဲ့စည်းတွေနဲ့ချိတ်ဆက်ဖန်တီးခဲ့တာ။ သူတို့လက်ရာတွေက လူများစွာက လုပ်ပေးရတဲ့အလုပ်ကြီးတွေ။ သူတို့ကတော့ ဘယ်ဟာကိုမှ ဘယ်လိုအဓိပါယ်ဆိုလိုချက်လို့ မပြောဘူး၊ ဘာအကြောင်းကြောင့်ဆိုတာလဲမရှိဘူးဘူး၊ အဲဒီ မြင်ရတဲ့အတိုင်းပါပဲတဲ့။



Daniel Buren, On the waterfront: A public Art, 16.150 flames, work in situ


လူထုဝန်းကျင်ကအနုပညာတွေမှာ ယာယီအတွက်နဲ့ အမြဲတမ်းထားဖို့ဆိုပီး ကွဲပြားပါတယ်။ ဒီလိုအချိန်ကာလမတူတာတွေရှိသလို ဆိုလိုချက်(အဓိပါယ်)ပါရှိတာနဲ့ သာမာန်အလှဆင်မှုတစ်ခုလို ပုံစံတွေလဲရှိပါတယ်။ ဒါပေမယ့်အပြင်ပန်းမြင်ရတာနဲ့ ဆုံးဖြတ်ဖို့ခက်တတ်ပါတယ်၊ လူတွေကတော့ အနုပညာဆိုရင် တစ်စုံတစ်ခုခံစားဖေါ်ထုတ်ထားတာတို့၊ နောက်ခံအကြောင်းအချက်ရှိလို့၊ အဓိပါယ်တစ်ခုခုကိုပြောဖို့လို့ ထင်တတ်ကြတယ်။ ဒါက အနုပညာခေတ်ပြောင်းသွားတာနဲ့ဆိုင်ပါတယ်။ လူမှုအသိုင်းဝိုင်းဟာ ပြောင်းသွားတဲ့ခေတ်တွေနဲ့

လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရှင်သန်ကြရသလိုပဲ အနုပညာတွေကလည်း လက်ရှိဘဝနဲ့ သဟဇာတမျှနေတာမျိုးပါပဲ။ ပန်းပု၊တပ်ဆင်မှုနဲ့ လန်းစကေ့ပ်အနုပညာတွေဖန်တီးတဲ့ ပြင်သစ်အနုပညာရှင်

ဒန်နီယော် ဘူရိန်းရဲ့ ပင်လယ်ဆိပ်ခံတံတားပေါ်က အလံတွေဟာ ဒီလိုပတ်ဝန်းကျင်ရဲ့အနေအထားနဲ့လိုက်ဖက်နေတာတွေ့ရတယ်၊ ပင်လယ်လေတဖြူးဖြူးနဲ့ဆိပ်ကမ်းရဲ့သမိုင်း၊ လက်ရှိလှုပ်ရှားသက်ဝင်ခြင်းတွေနဲ့အတူ ပွဲတော်အရသာကိုပေးနေတာမျိုးပါ၊ ဂျပန်နိုင်ငံယိုကိုဟားမားမြိုက အနုပညာပွဲတော်တစ်ခုမှာ ဖန်တီးခဲ့တဲ့ လက်ရာ၊ ဒီအနုပညာရှင်က မီနီမယ်လက်ရာမျိုးအရောင်မျဉ်းတွေကိုသာဖန်တီးတဲ့ ကွန်ဆက်ကျူရယ်လစ်တယောက်ပါပဲ။ ကွန်ဆက်ကျူရယ်အနုပညာတစ်ခုကို လူထုထဲမှာလုပ်ထားတာ။

ဒီအလံတွေမှာ ဘာအဓိပါယ်မှ မဖေါ်ဆောင်ဘူး၊ ဘာဇာတ်လမ်းမှလဲမရှိပါဘူး၊ ဒါက အယူဆအဓိကအနုပညာတွေရဲ့ သဘောတရားအတိုင်းပါပဲ။


လူထုဆိုင်ရာအနုပညာတွေဘာကြောင့်ရှိသင့်တယ်ဆိုတာကို ၂၀၁၈ က Public Art Network ဆိုတဲ့ အမေရိကန်ပတ်ဝန်းကျင်အနုပညာအဖွဲ့စည်းတစ်ခုရဲ့ ထုတ်ပြန်တင်ပြချက်တစ်ခုမှာ ခုလိုဆိုထားပါတယ်။ မြို့ပြရဲ့လူမှုသမိုင်းနဲ့ယဉ်ကျေးမှုတွေကိုအမြဲ အသစ်တစ်ဖန်ဆန်းသစ်ဖေါ်ဆောင်နိုင်ဖို့ လူထုအနုပညာပရောဂျက်တွေလိုအပ်တယ်။ (စီဗယ်ဆိုဆိုက်တီ) ရဲ့ ထူးခြားထင်ရှားမှုတွေကို ပြောပြဖို့ ဖေါ်ထုတ်ဖို့ မှတ်တမ်းပြုဖို့လည်း ဒီလိုအနုပညာတွေလိုအပ်ပါတယ်။ လူထုအနုပညာတွေကနေ လူမှုတန်းဖိုးအချက်(၅)ချက်ကိုထိရောက်စေတယ်လို့ဆိုတယ်၊ အဲဒါတွေက ..

(၁) လူမှုစီးပွားရေးနဲ့ စဉ်ဆက်မပြတ်တိုးတက်ဖြစ်ထွန်းမှု၊

(၂) ယဉ်ကျေးမှုနဲ့ ဝိသေသလက္ခဏာတွေ လူအချင်းချင်းဆီကို ချိတ်ဆက်ပေးမှု၊

(၃) အနုပညာရှင်တွေက လူမှုရှေ့ဆောင်သူတွေ့စွန့်ဦးတီထွင်သမားတွေဖြစ်။

(၄) ယဉ်ကျေးမှုမျိုးစုံကိုသိမြင်စေပီး တစ်သားထဲဖြစ်စေ

(၅) လူမှု ကာယအား ဉာဏအားတွေကျမ်းမာစေမှု၊ တွေပါတဲ့။


ဘာကြောင့် ဒီအချက်(၅)ချက်ရှိသလဲဆိုတာကိုလဲ ရှင်းထားပါသေးတယ်။


(၁)အချက် လူမှုစီးပွားနဲ့စဉ်ဆက်မပြတ်တိုးတက်မှုဖြစ်စဉ်ကို အကျိုးပြုစေတာက ၇၀ ရာခိုင်းနှုန်းသောအမေရိကန်တွေကအနုပညာရဲ့ ပုံသဏ္ဍန်လက္ခဏာနဲ့အိုင်ဒီယာတွေက သူတို့စီပွားရေးစိတ်ကူးစိတ်သန်းတွေကို တိုးတက်စေတယ်လို့မြင်ကြပါသတဲ့။


(၂) အချက်က ယဉ်ကျေးမှုဝိသေသတွေအချင်းချင်းရိုက်ခတ်စေတယ်ဆိုတာ Public Art တွေက လူတွေကိုအဲဒီနေရာနဲ့ရင်းနှီးအောင် အဲဒီဝန်းကျင်နဲ့ ရသဗေဒအရချိတ်ဆက်မိသွားအောင် တိုက်ရိုက်မိတ်ဆက်ပေးနိုင်ပါသတဲ့၊ ပတ်ဝန်းကျင်တစ်ခုကို ရသတစ်ခုနဲ့ချဉ်းကပ်တာဟာ အကောင်းဆုံးသော ထိတွေ့ပတ်သက်မှုဖြစ်တယ်ဆိုပါတယ်။


(၃)အချက်က အနုပညာရှင်တွေဟာ ဖြည့်စွမ်းနိုင်သူ စွန်းဦးတီထွင်သူတွေဖြစ်တယ်၊ Self-employed တွေဖြစ်ပီး အမေရိကန်ပြည်ထောင်စု အလုပ်အင်အားစုထက် ၃.၅ဆပိုများတယ်တဲ့။


အချက်(၄)က ပါဘလစ်အနုပညာတွေက အမြင်ဆိုင်ရာဘာသာစကားမို့ အခြားခြားသော ယဉ်ကျေးမှုဓလေ့တွေကို နားလည်သိမြင်စေတာကြောင့်ဖြစ်တယ်လို့ ၇၃ ရာခိုင်နှုန်းသောအမေရိကန်တွေက လက်ခံကြတယ်တဲ့။


အချက်(၅)ကတော့ လက်တွေ့ကျပါတယ်။ လူထုအနုပညာတွေကြောင့် လူတွေဟာ မိမိတို့ဝန်းကျင်မှာပိုမိုသက်တောင့်သက်သာဖြစ်လာတယ်၊ ပျော်စေတယ်၊ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး

ကိုယ်ရောစိတ်ပါကျမ်းမာမှုကို ရနိုင်ကြတယ်တဲ့။ ဒီအချက်တွေဟာ ဘယ်နိုင်ငံဘယ်လူမျိုးမဆို လိုက်ဖက်သင့်တော်နေမယ့်အချက်တွေပါ၊ စဉ်းစားဆင်ခြင်ဖွယ်ရာတွေပါပဲ။

.......




ကျနော်တို့ဟာ အနုပညာကို အလှအပတန်ဆာဆင်တာလို့မြင်ချင်မြင်ကြမယ်၊ သို့မဟုတ် စားဝတ်နေရေးကြောင့်မလှည့်နိုင်ပါဘူး၊ ဒါတွေက လူချမ်းသာတွေရဲ့ဇိမ်ခံစရာလို့ပြောချင်ပြောနေဦးမယ်၊

မှန်သင့်သလောက်လဲ(ဒီမှာ)မှန်နေသေးတယ်။ ဒီတော့ အနုပညာက လူတွေထဲကိုရောက်နိုင်ပြီလားမေးစရာပဲ။ ဒီအတွက် ကျနော်တို့ကိုယ်တိုင် ဘာတွေလုပ်နိုင်ပြီလဲ အနည်းငယ်တင်ပြဖို့လိုလာပါတယ်။


(အမှန်တစ်ကယ်တော့ ကိုယ်လုပ်တဲ့အနုပညာကို ကိုယ့်ဟာကိုအမွှန်းတင်ပြီးပြောပြရတာမျိုးဟာ လက်တွန့်စရာပါ။ အခြားသူတွေပြောချင်ပြောစေပေါ့။ ဆိုတော့ ဂုဏ်ဖေါ်ခြင်းတွေမပါတဲ့ ကနဦးအခြေနေလေးတွေကို ပြန်လည်တင်ပြပါရစေ..။






မြန်မာနိုင်ငံမှာ အခုတနှစ်၂နှစ်တွင်းမှ နဲနဲလူမှုဘဝတွေပိုမိုပွင့်လင်းလွတ်လပ်လာတယ်လို့ ခံစားကြရမယ်ထင်တယ်။ လူထုနေရာတွေမှာ ပြဇာတ်တွေ၊ ပြပွဲတွေ၊ စင်တင်ဂီတတွေ၊ အနုပညာပွဲတွေအတော်လုပ်လာကြတယ်။ ဒါဟာ ပွဲကြိုက်တတ်တဲ့မြန်မာတွေနဲ့တော့ ကွက်တိပါပဲ။ ခေတ်ရဲ့ရိုက်ခတ်လာတဲ့ယဉ်ကျေးမှုတွေက ပြည်ပနဲ့ပြည်တွင်းကူးလူးပြီး ပိုမိုသစ်လွင်လာတယ်ဆိုရပါမယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တို့ရန်ကုန်တို့အိမ်ယာဆိုတဲ့ ယဉ်ကျေးမှုအမွေနှစ်ပွဲတော်မှာ လူထုအနုပညာတွေ ကျနော်စီစဉ်ခွင့်ရတယ်၊ ပြည်တွင်းကအနုပညာရှင်(၃)ဦးနဲ့အတူ အနုပညာကျောင်းသားတွေနဲ့ကိုယ်တိုင်လည်းပါဝင်ဖန်တီးခွင့်ရတယ်။


ဆူးလေကုန်းတံတားပေါ်မှာ ပုသိမ်ထီးတွေမိုးခွင့်ရခဲ့တယ်၊ မြန်မာ့ပတ္တလားတူရိယာ(၁၂)ခုကို စက်ဝိုင်းပတ်ဆင်ပြီးပြိုင်တူတီးခတ်နိုင်ခဲ့ကြတယ်။ ဒါတွေအပြင်အခြား အနုပညာရှင်တွေရဲ့လက်ရာတွေ

ပါဘလစ်မှာ စမ်းသပ်ဖန်တီးခွင့်ရကြတယ်။ ဘယ်လိုရလဒ်တွေဖြစ်ထွန်းခဲ့သလဲဆိုတာမြင်နိုင်ပါတယ်။ ကျနော်တို့အရမ်းအကောင်းစားတွေ မဖန်တီးနိုင်သေးတာအမှန်ပါ၊ ဒါပေမယ့် အဓိပါယ်တစ်ခု၊ သို့မဟုတ်

အမြင်သစ်တစ်ခုကို လူတွေနဲ့ပေးပီးထိတွေ့စေနိုင်ခဲ့တယ်လို့ပြောရပါမယ်။ လူထဲကို အနုပညာတွေရောက်လာရင် ဘယ်လိုမျိုး ဖြစ်သင့်ရှိသင့်လဲဆိုတာ ဆွေးနွေးဝေဖန်နိုင်စရာလဲ ဖြစ်ပါတယ်။

ဆိုရရင် ကျနော်တို့ခေတ်ရဲ့အနုပညာကို ဘယ်ပုံဘယ်လိုဖြစ်စေချင်တယ်ဆိုတာ ပြန်လည်စဉ်းစားဖို့ပါ။ နောက်ပီး ဒါမျိုးတွေဟာ အနုပညာတွေလားပေါ့။ အနုပညာ နဲ့သာမာန်အလှဆင်မှုက ဘာကွာတာလဲပေါ့။


ပုသိမ်ထီးတွေကို အများစုကသာမာန်အလှဆင်ထားတယ်လို့မြင်ကြတယ်၊ ဒါဟာ လူထုအနုပညာတစ်ခုအတွက်ဖြစ်နိုင်ချေရှိပြီးသား ရလဒ်ပါ။ အနုပညာဆိုတာ ဖန်တီးသူရဲ့လက်နဲ့နုနုရွရွ လက်ဝင်အောင်လုပ်ထားမှလက်ရာမြောက်လိုက်တာလို့ မြင်လေ့ရှိကြတယ်၊ လက်မှုပညာရဲ့တန်ဖိုးဟာ လက်ဝင်မှုပဲ။ လူထုအနုပညာတွေမှာလည်း လက်ဝင်တဲ့ဖန်တီးမှုမျိုးရှိပါတယ်၊ အချို့သော တပ်ဆင်မှုအနုပညာတွေမှာတော့ ဖန်တီးသူကပုံကြမ်းလောက်သာ ရေးပြတာကို ဆိုင်ရာကျွမ်းကျင်သူအလုပ်သမားတွေက ဆောင်၇ွက်ကြတာမျိုးပါပဲ။ ဒီတော့ စိတ်ကူးကသာ အခရာကျလာတာမျိုးပါ။ တကယ်တော့ ကွန်ဆက်ကျူရယ်အနုပညာရှင်တွေလို ဘာအဓိပါယ်မှမပါရှိတဲ့ ဒီအတိုင်း(စိတ်ကူးသက်သက်) ဖြစ်နေခြင်းဆိုတာလည်း ဒီလိုလူထုအနုပညာတွေမှာတန်ဖိုးတစ်ခုလို့ပြောနိုင်ပါတယ်။ ပုသိမ်ထီးတပ်ဆင်မှုကလည်း ဒီလိုဘာမှဆန်းပြားခြင်းမဟုတ်တဲ့ သာမာန် စူပါမားကတ်အလှဆင်တာမျိုးလို့လည်း တွေးနိုင်ပါတယ်။ ပြည်ပနိုင်ငံတွေမှာလည်း ဒီလို ထီးရောင်စုံတွေ အလှဆင်မိုးထားတာတွေ အများအပြားတွေ့နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီအချိန်က အဲဒီအလှဆင်တာမျိုးတွေကိုလားလားမှ သတိမရမိ။ (ဒါကြောင့်တပ်ဆင်တဲ့နည်းလမ်းမှာအားနည်းခဲ့သလို၊ အခက်ခဲတွေကြုံခဲ့ရ)။ အမှန်တကယ် နမူနာယူလေ့လာခဲ့တာက အထက်မှာပြောခဲ့တဲ့ အနုပညာပွဲတော်တွေက

လူထုဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်နေတဲ့ တပ်ဆင်မှုလက်ရာမျိုးတွေပါ။








လူထုအနုပညာတွေဟာ လူတိုင်းဝင်လုပ်လို့ရနိုင်မလား...။ လူထုအနုပညာတွေမှမဟုတ် အနုပညာတိုင်းဟာလူတိုင်းလုပ်နိုင်ပါတယ်၊ လူတိုင်းအနုပညာရှင်ဖြစ်ခွင့်ရှိတယ်ပေါ့။ အနုပညာဆိုတာ အနုပညာကိုသင်ယူထားမှဖန်တီးနိုင်မယ်ဆိုတာကလဲ သိပ်အမှန်ကြီးမဟုတ်တော့၊ (ဆာ့ဖ်စတာဒီ)တို့ဘာတို့ရှိတယ်၊ မွေးရာပါလည်းရှိချင်ရှိမယ်။ လူတိုင်းက ဟိုလိုလုပ်ချင်တယ်၊ ဒီလိုလုပ်ချင်တယ် ဆိုပြီးတွေးတတ်ကြတာပေါ့။ ဥပမာ ထီးတွေကို သစ်ပင်ပေါ်တို့ခေါင်မိုးပေါ်တို့ စီပြီးတင်ထားချင်တယ်၊ ဓာတ်တိုင်နှစ်ဖက်ကြိုးတန်းပြီးချိတ်ချင်တယ်

ဘယ်နေရာမှာဘယ်လိုဟာကြီးထားချင်တယ် စသဖြင့်စိတ်ကူးမိမယ်၊ စိတ်ကူးတာပိုက်ဆံမှမကုန်တာကိုး၊ တစ်ကယ်အကောင်ထည်ဖေါ်ဖြစ်ဖို့တော့လိုတာပေါ့။ စိတ်ကူးတဲ့အခါလည်း အမျိုးမျိုးရှိတယ်၊ အတွေ့ကြုံ၊ ပညာကနေလာတဲ့စိတ်ကူး၊ လောဂျစ်ကျကျအစီမံစိတ်ကူး၊ ရသခံစားလှုံ့ဆော်မှုကနေဖြစ်လာတဲ့စိတ်ကူး၊

လေ့လာသိရှိမှီငြမ်းပြုပြီးရတဲ့စိတ်ကူး၊ ဒါမှမဟုတ် အလုပ်တစ်ခုလိုဇွတ်ဖြစ်ညှစ်ထုတ်ရတဲ့စိတ်ကူးစသဖြင့်ပေါ့။ စိတ်ကူးအားလုံးထဲမှာ ဉာဏ်ကွန့်မြူးပြီးရလာတဲ့(ဆာတိုရီ)အလင်းပွင့်ခြင်းမျိုးဟာ တန်ဖိုးအရှိဆုံးလို့ပြောကြတယ်။ ဒါကလည်းကြုံတောင့်ကြုံခဲပါ။ ဒီတော့အထက်ကဆိုခဲ့တဲ့ အခြားနည်းတွေနဲ့ စိတ်ကူးတွေပဲ များတတ်တယ်ပေါ့။


လူထုအနုပညာတွေမှာနောက်တစ်ခုက ကြည့်သူတွေကိုယ်တိုင် ပါဝင်နိုင်တဲ့ပုံစံတွေပါ (Interactive)။ လူတွေဆိုတာက အနုပညာဖြစ်ဖြစ်ဘာဖြစ်ဖြစ် ကိုယ်တိုင်ဝင်လုပ်ကြည့်လိုက်ရမှ၊ တတ်နိုင်ရင် ကိုယ့်အပိုင်ပါယူသွားချင်သူတွေပါ (ထီးတွေဝိုင်းဖြုတ်ကြတာမျိုးပေါ့)။ ဒီတော့ လူတိုင်းပါဝင်ပတ်သက်နိုင်တဲ့အနုပညာတွေ ဖန်တီးလာကြတယ်။


(အချိန်ရရင်ဆက်ပါဦးမယ်)

လေးစားလျှက်

အောင်မြတ်ဌေး (၂၁ ဧပြီ ၂၀၁၉ )

32 views0 comments