top of page

ကမ္ဘာကြီးကိုပြောင်းလဲပေးခဲ့တဲ့ အနုပညာကျောင်း(၈)ကျောင်း

Updated: Jul 9, 2020

.................................

ree


မနေ့က ဆောင်းပါးတစ်ပုဒ်ရှယ်ဖြစ်တယ်။

၂၀၁၉ မတ်လ၂၈ ရက် နေ့စွဲနဲ့တက်လာတဲ့ဆောင်းပါးတစ်ပုဒ်၊ ရေးသူက

ဆမ်သွန်းန်။ ဗြိတိန်က နာမည်ကြီး တော်ဝင်အကယ်ဒမီမဂ္ဂဇင်းရဲ့ ၂၀၁၉ နွေဦး

အစ်ရှုးက ဆောင်းပါးတစ်ပုဒ်။ တော်တော်ကောင်းတယ်။ ဖတ်ကြည့်ပြီး သာမာန်လင့်ခ်ကိုရှယ်ယုံမဟုတ်ပဲ

မြန်မာဘာသာပြန်ပြီး မိတ်ဆွေတွေနဲ့ဝေမျှဆွေးနွေးချင်စိတ်ဖြစ်လာလို့ အကျဉ်းချုံးဘာသာပြန်လိုက်ပါတယ်။

၁၉၂၀ ဝန်းကျင်နောက်ပိုင်းကစပြီး အနုပညာသင်ကြားပုံတွေ ကမ္ဘာမှာဘယ်လိုပြောင်းသွားလဲဆိုတာ

သိရပါမယ်။ ပညာရေးနဲ့ပါတ်သက်လို့ မေးလေ့ရှိကြတဲ့မေးခွန်းတွေအတွက်ပေါ့။


ဆောင်းပါးက...“အလွှမ်းမိုးနိုင်ဆုံး ဂျာမာန်ဘားဟောက်စ်မှအစပြုပြီး ကျူးဘားရဲ့ခေတ်ပြိုင်အထိ

အနုပညာသင်ယူလေ့လာစရာ ဗဟိုဌာနတွေ၊ ပြီးခဲ့တဲ့ရာစုနှစ်ကျော်အချိန်ထဲက

ဂလိုဘယ် ယဉ်ကျေးမှုပုံသဏ္ဍန်သစ်ကိုပြုပြင်ဖန်တီးခဲ့ကြရာဘူမိနက်သန်တွေနဲ့ ဆောင်းပါးရှင်ရဲ့

ဆန်းသစ်သော ရှင်းလင်းတင်ပြချက် ဥပမာများဖြင့်”....လို့ ကောက်စာထုတ်ထားတယ်။


ပထမကျောင်းက ဂျာမဏီက ဘားဟောက်စ်။


ree

Bauhaus_Studio_Building,_Dessau,_designed_by_Walter_Gropius,_with_faculty_heads_on_the_balcony,_c.1925


၂၀ ရာစုအစမှာထဲက ဂျာမဏီက ဘားဟောက်စ် ဒီဇိုင်းကျောင်းဟာ တီထွင်ဆန်းသစ်

သောအနုပညာကျောင်းအဖြစ်အလွှမ်းမိုးဆုံးဖြစ်ခဲ့တယ်၊ ဒါက နောင်လဲအမြဲလွှမ်းမိုးနေဦးမှာပဲ။

ပထမကမ္ဘာစစ်နဲ့ ရုရှတော်လှန်းရေးကြီးပြီးတဲ့နောက် ပေါ်လာတဲ့

လက်(၁၀)ချောင်းစာလောက်အရေတွက်ပဲရှိတဲ့ စိတ်တူကိုယ်တူပညာရပ်နယ်ပယ်အင်စတီကျူရှင်း

တွေထဲမှာ ဘားဟောက်စ်က ၁၉၁၉ ခုနှစ်မှာဂျာမဏီမှာတည်ထောင်ခဲ့တဲ့ ဒီဇိုင်း၊ အာခီတက်နဲ့ အနုပညာ

ကျောင်းပေါ့။ တည်ထောင်သူက ဂျာမာန်ဗိသုကာဝေါ်တာဂါင်းပီး။ ဘားဟောက်စ်က အခြားအရာတွေထက်

ကမ္ဘာကြီးကို ပြန်လည်အသစ်ပြုပြင်ဖို့တစ်ခုပဲ အားစိုက်ခဲ့တာ။ အနုပညာနဲ့ ဒီဇိုင်းတွေကနေ အခြေခံပြီး

နည်းပညာကဦးဆောင်တဲ့ စက်မှုကဏ္ဍသစ်အသွင်ပြောင်းလဲမှုတွေပါပဲ။ နောက်ပြီး အရေးကြီးတဲ့တစ်ခုက

သတ်မှတ်ချက်တွေ နည်းလမ်းစနစ်ဘောင်တွေကို တစ်စစီတစ်ပိုင်းစီပြန်ဖြုတ်ခွဲထုတ်ပြစ်လိုက်တာပါပဲ။


အဲဒီအတိုင်းပဲ ဘားဟောက်စ်ကျောင်းဟာ ၁၉ ရာစုက အနုပညာပန်းချီပန်းပုသင်ရိုးအကဲဒမစ်နည်းစနစ်တွေကို

အကုန်ချိုးဖျက်ပြစ်လိုက်တယ်။ သက်ရှိကိုယ်ဟန်ပြကိုကြည့်ပြီး လူပုံတွေဟန်အမျိုးမျိုးရေးတာမျိုးတွေ

မရှိတော့ဘူး၊ အဲလိုလူပုံတူတွေကနေ ဆန်းသစ်တဲ့ အသိဉာဏ်ခွန်အားကိုရမယ်ဆိုတာ ကျန်ခဲ့ပြီးပေါ့။ အဲဒါတွေအစားသူတို့ဟာ သချင်္ာဆန်တဲ့ ဂျီသြနေတြီပုံသဏ္ဍန်တွေ၊ ရုပ်ဒြပ်မဲ့ပုံသဏ္ဍန်တွေ၊ ကိုယ်တိုင်လှုပ်ရှားမှုတွေနဲ့ အသုံးပြု ကိရိယာတန်ဆာပလာတွေကို လက်တွေ့တပ်ဆင်စမ်းသပ်တာမျိုးတွေ ပြောင်းလဲပြစ်လိုက်တယ်။ ကျောင်းဆိုတာကို အလုပ်ခန်း(ဓာတ်ခွဲခန်း) တွေအဖြစ်ပြောင်းလိုက်တယ်။ သံသတ္ထုအလုပ်တွေ၊ လှုပ်ရှားကပြဇာတ်ရုံတွေ၊ ဓာတ်ပုံခန်းတွေအဖြစ် ဆိုင်ရာပညာရှင်တွေကိုဦးဆောင်ခိုင်းလိုက်တယ်။


အဲလိုပြောင်းလဲမှုတွေကြောင့် အစကနဦးမှာ ခဏတာပဲဖွင့်လိုက်ရတယ်၊ ၀ိန်းမားမြို့မှာဖွင့်ခဲ့ပြီး ဒက်ဆောကိုပြောင်းခဲ့ရတယ်၊ နောက်ဘာလင်ရောက်သွားတယ်၊ အဲဒီဘာလင်မှာပဲ ၁၉၃၃ နာဇီတွေဖိနှိပ်ပြန်တော့ ပိတ်လိုက်ရတယ်။ ကျောင်းသားတွေတော်တော်များများဟာ အမေရိကကိုပြောင်းပြေးကြတယ်၊ ၁၉၃၀ အလွန်တွေအထိ သူတို့ဟာ ဘားဟောက်စ် ပညာရပ်တွေကို ပိုမိုကျယ်ပြန့်ထွန်းကားစေခဲ့ကြတယ်။ အမေရိကားမှာ ဘားဟောက်စ် ကျူတာတွေ၊ ကျောင်းသားတွေက ပညာရပ် ပရိုဂရမ်ပသစ်တွေကို ဟားဗတ်၊ ချီ


ကာဂို နဲ့ ဆန်ဖရန်စ္စကိုမှာ ထူထောင်နေကြချိန်မှာ ယူကေမှာလည်း အနုပညာပန်းချီပန်းပုသင်ရိုးတွေကို စတင်ပြောင်းလဲဖို့လုပ်နေပြီ။ ဒီကနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်း အနုပညာ၊ဗိသုကာ ပညာတွေကို ဘယ်ပုံဘယ်နည်းသင်နေကြသလဲဆိုတာဟာ ဘားဟောက်စ်ရဲ့ အစဦးလမ်းကြောင်းတွေပါပဲ။

........................

ree

Rabindranath Tagore in 1925, reading to students at Kala Bhavana, the art school he founded in West Bengal


ဒုတိယ အနုပညာကျောင်းကတော့ အိန္ဒိယက ကာလာ ဘာဝန (စန်တိနိကေတန်ကျောင်း)ပါပဲ။

(ဒီကျောင်းက ကျနော်တို့ကြားဖူးနေတဲ့အမည်ပါ။ ဆရာကြီးပန်းချီအောင်စိုးတက်ရောက်ခဲ့တဲ့ ကျောင်း။ ကဗျာကဝိအကျော် ရာဝိန္ဒြရာနတ်တဂိုးတည်ထောင်ခဲ့တဲ့ကျောင်း)။



ကာလာ ဘာဝန ဆိုတဲ့ဒီကျောင်းကလည်း ၁၉၁၉ ခုနှစ်မှာတည်ထောင်ဖွင့်လှစ်ခဲ့တဲ့ အနုပညာစမ်းသပ်တီထွင်မှုကျောင်းတစ်ခုပဲ။ အနောက်ဘင်င်္ဂလားပြည်နယ် စန်တိနိကေတန်အရပ်မှာရှိတယ်။ အခု ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာပေါ့။ ကိုလိုနီ အနုပညာနည်းတွေကို ဆန့်ကျင် ပယ်ထုတ်ခဲ့တဲ့ တဂိုးရဲ့ဆန္ဒကြောင့် ကျောင်းဟာပုံစံကွဲထွက်သွားတယ်။ သူအနုပညာကိုသင်တာက သဘာဝ(နေချာ)ရဲ့ရင်းမြစ်တွေနဲ့ သင်တာ။ သဘာဝပတ်ဝန်းကျင်ကနေ ရရှိလာတဲ့အာရုံကို အနုပညာအလုပ် သို့မဟုတ် ကိုယ်တိုင်လှုပ်ရှားကပြမှုတွေအဖြစ် ပုံစံပြောင်းစေတာပေါ့အဲဒီကျောင်းရဲ့ ပထမဆုံးကျောင်းအုပ်ကို အိန္ဒိယရဲ့ ပထမဆုံးမော်ဒန် ပန်းချီဆရာ နန္ဒလာ

ဘိုရှေ (၁၈၈၂-၁၉၆၆) ကိုအပ်နှံခဲ့တယ်။ သူက အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို သရုပ်ဖေါ်ပေးခဲ့သူလဲဖြစ်သတဲ့။ သူနိုင်ငံမှာ အတော်အရေးပါတဲ့ အနုပညာရှင်ပေါ့။ သူဟာ မော်ဒန်အနုပညာ ဆိုတာဘာလဲဆိုတဲ့ အတွေးခေါ်အသားပေးပုံစံကို ကျယ်ပြန့်လာအောင်လုပ်ပေးခဲ့တာ။ သူရဲ့တွန်းအားဟာ နိုင်ငံနယ်နိမိတ်တွေကျော်လွန် သိရှိသွားတဲ့ အပြည်ပြည်ဆိုင်ရာခေတ်ဆီကို အချိတ်အဆက်ဖြစ်စေခဲ့တယ်၊ ရိုးရာအမွေနှစ်ဝါဒ ဆရာတွေက အဲဒီအယူအဆတွေကို အတော်လေး ကန့်ကွက်နေကြတဲ့အချိန်ပေါ့။ ကျောင်းက ဘာတွေကိုတိုက်တွန်းသလဲဆိုတော့ တစ်ယူတန်တစ်ဝါဒနည်းတွေနောက်မလိုက်ဖို့နဲ့ တဖြောင့်ထဲတစ်လမ်းထဲဖြစ်နေတဲ့ အနောက်တိုင်းဟန်ပန်နည်းတွေမဖြစ်ဖို့ပေါ့။


ကျောင်းက တစ်လမ်းထဲသွားရိုးရိုးမဟုတ်၊ တစ်မျိုးထဲသီးသန့်မဟုတ်ခြင်းကို အထူးအလေးပေးတယ်။ အဲဒီကျောင်းကထွက်တဲ့ အကျော်မော်တွေထဲမှာ ရုပ်ရှင်ဒါရိုက်တာ ဆာရာဂျစ်ရေးနဲ့ ဂူဂျာရတ်ပြည်နယ်ဘရိုဒါက (ဖိုင်းအတ်) ကထိကတွေပေါ့။ ကာလာဘဝန ကျောင်းဟာ အိန္ဒိယရဲ့ ခေတ်မီအနုပညာမျိုးဆက်သစ်ကို စတင်မွေးထုတ်ပေးခဲ့တဲ့ကျောင်းတစ်ခုပါပဲ။


.................

ree

Cover from the textbook Architecture of VkhUTEMAS- The Works of the Department of Architecture, 1920-1927, designed by El Lissitzky, 1927


တတိယကျောင်းကတော့ (ဖကုတမက်စ်) လို့အသံထွက်ရမလားမသိ၊ ရုရှနိုင်ငံမော်စကိုက အနုပညာကျောင်း။

အတွေးခေါ်သစ်ပန်းချီဆရာ ခဇိုင်းမား မဲလဗစ်ချ် (၁၈၇၅-၁၉၅၃) ဟာ ဂျာမဏီက ဘားဟောက်စ်နဲ့အိန္ဒိယက ကာဘာဘာဝန ကျောင်းတွေနဲ့တနှစ်ထဲမှာ UNOVIS လို့အတိုခေါ်ပြီးရုရှလို ပန်းချီသစ်၏ချံပီယံများလို့ အဓိပါယ်ထွက်တဲ့အဖွဲ့ကို စတင်တည်ထောင်ခဲ့တယ်။ အဲဒီအဖွဲ့က ဘီလာရက်စ် လို့အခုခေါ်တဲ့ ရုရှပန်းချီကျောင်းမှာဖွဲ့ခဲ့တာ။ အဲဒီမှာ အခြားရုရှအာဗွန်ဂါ့ဒ် အနုပညာကျောင်းတစ်ခုရှိတယ်၊ ဖကုတမက် တဲ့၊ အဆင့်မြင့်ပန်းချီနှင့် နည်းပညာကျောင်း ပေါ့။ ၁၉၂၀ နောက်ပိုင်းမှာ မော်စကိုမှာဖွင့်ခဲ့တဲ့ကျောင်း။ အဲဒီကျောင်းကို ဆိုဗီယက်ဘားဟောက်စ် လို့လဲခေါ်ကြသတဲ့။ စက်မှုနည်းပညာဒီဇိုင်းတွေကို အဓိကတီထွင်ဖို့ လုပ်ကြတယ်။ အဲဒီကျောင်းက လီနင်ရဲ့အမိန့်နဲ့ဖွင့်လှစ်ခဲ့တာ။ အဲဒီကျောင်းကလည်း ဘားဟောက်စ်လိုပဲ အနုပညာပန်းချီပန်းပုနဲ့ သိပ္ပံပညာရပ်တွေ ပေါင်းစပ်ပြီး၊ နည်းပညာကိုဦးစားပေး စမ်းသပ်တီထွင်မှုတွေကိုဦးတည်ခဲ့တယ်၊ အတော်လေးလဲခရီးရောက်ခဲ့တယ်။ အစိုးရတည်ထောင်တဲ့ကျောင်းဆိုတော့ အဲဒီကျောင်းလဲ ၁၉၃၀ မှာပိတ်လိုက်ရတယ်၊ တစ်ပါတီ အာဏာရှင်အစိုးရတွေအားကောင်းချုပ်ချယ်လာကြလို့ပဲ။

...................


ree

Elaine_de_Kooning_(centre)_assembles_Buckminster_Fuller’s_Venetian-blind-strip_dome_at_Black_Mountain_College,_1948


နံပါတ်(၄) ကတော့ နာမည်ကျော် ဘလက်မောင်းတိန်းကောလိပ် ပါပဲ။

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားမှာရှိတယ်။


ဘားဟောက်စ်ပိတ်သွားတော့ အဲဒီက ဆရာတွေကျောင်းသားတွေဟာ အတ္တလန်တစ်သမုဒ္ဒရာကိုဖြတ်ပြီး

အမေရိကားမှာ အခြေချကြပြီး အမေရိကားက ကျောင်းတွေမှာဆက်သင်ကြတယ်။ အဲဒီကျောင်းတွေထဲမှာ လူသိအများဆုံးကဘလက်မောင်းတိန်း ကောလိပ်ပေါ့။ ရေ ကန်တောင်ကုန်းဘေးနားမှာ အေးအေးချမ်းချမ်းရှိတဲ့ ကောင်းပေါ့၊ ၁၉၃၃ မှာွင့်ခဲ့တာ၊ ဆရာတွေကလည်း ဘားဟောက်စ်က ယခင်သင်ခဲ့သူတွေ၊ ဂျိုးဆက် နဲ့ အန်နီ အယ်ဘာစ်။ သူတို့သင်တဲ့ အခြေခံအတွေးအခေါ်က “အလုပ်လုပ်ရင်းသင်ယူခြင်း” တဲ့၊ အမေရိကန် ဖီလိုဆိုဖာ ဂျွန် ဒီဝေး ရဲ့စတင်ခဲ့တဲ့နည်းပေါ့။


ပညာကိုသီးသန့်သင်တာမဟုတ်ဘူး၊ တကယ် အလုပ်တစ်ခုသေသေချာချာလုပ်ခိုင်းပြီးသင်တာမျိုး။

ကွန်မြူနတီ အသိုင်းဝိုင်းအားလုံးဘဝတွေကို အခြေခံပြီးလေ့လာသင်ယူတာက ဘလက်မောင်းတိန်းရဲ့ အဓိကရည်ရွယ်ချက်ပဲ။ co-operative intelligence ဆိုတော့ “ပူးပေါင်းဆောင်ရွက်ခြင်းဉာဏ်ပညာ” လို့ပြန်ရမယ်ထင်တယ်။ နောက်တစ်ခုက အဲဒီကျောင်းဝန်းကြီးကိုက အလုပ်လုပ်ရာ နေထိုင်စမ်းသပ်ဖို့ ကွင်းကြီးပဲတဲ့။ ပုံမှာကြည့်ရင် အမေရိကန်ရဲ့နာမည်ကျော် ဗိသုကာဆရာကြီး ဘက်မင်စတာဖူလာ ကျောင်းသားဘဝက ပထမဆုံး မုဒ်ခုံးအဆောက်ဦး ၏စမ်းသပ်မှုအကြမ်းတည်ဆောက်နေကြတာပေါ့။

ဒီကော်လိပ်ဟာ အနုပညာအကျော်မော်တွေအများကြီးမွေးထုတ်ပေးခဲ့သလို တကယ့်ဖေါက်ထွက်တွေးခေါ်ဆန်းသစ်တီထွင် တဲ့သူတွေအများကြီးထွက်ပေါ်ခဲ့တာ။ ဒိုရိုသီ ရော့ခ်ဘန်း ဆိုတဲ့ပန်းချီဆရာမကြီးက သူကျောင်းတက်စဉ်က အကြောင်းတွေပြန်ပြောပြတော့ ဒီကျောင်းကဆရာဆရာမတွေက တကယ်လွတ်လပ်မှုဆိုတာနဲ့ ပညာရေးအစစ်မှန်ကို အလွန်ယုံကြည်ကြတာ လို့ဆိုတယ်။



တကယ့်နာမည်ကြီးပညာရှင်တွေအများကြီးပဲ ဂီတဆရာကြီးဂျွန်ကေ့ချ်ဟာဒီကဆရာ။ ပန်းချီ ဝီလျမ်ဒီကူးနင်း၊ ဝေဖန်ရေးပညာရှင် ဂရင်းဘာ့ခ်၊အကပညာရှင် မာ့စ် ကန်နင်ဟန် တို့က ဒီကျောင်းထွက်တွေ။ ရောဘတ် ရိုရှန်ဘာ့ခ်၊ ကဲ့နက်နိုလန်၊ ဆိုင် တွမ်ဘလီ တို့လည်းဒီကပဲ။ ဘလက်မောင်တိန်းရဲ့ ထူးခြားချက်က ကျောင်းရဲ့ပရိုဂရမ်တွေ သင်ကြားမှုတွေက လမ်းရိုးပုံစံတွေ ကြီးစဉ်ငယ်လိုက်တွေ၊ တစ်ခုပြီးမှတစ်ခုတို့ဘာတို့ အစီမမံမျိုးတွေမရှိဘူး။ လမ်းရိုးကိုဆန့်ကျင်တာလို့အတိအလင်းဆိုနိုင်တယ်။ (ကယ်ရီကူလမ်) သင်ရိုးဗဟိုပြုမဟုတ်၊ ကျောင်းသားဗဟိုပြု ပုံစံဖြစ်တယ်။


နောက်ထပ်ကျောင်းတွေကိုတော့ အနည်းငယ် အကျဉ်းချုံးတင်ပြပါမယ်။

.................

ree

Victor_Pasmore_(far_right)_with_students_at_Newcastle_University_art_department


နံပါတ်(၅) ကျောင်းက နယူကတ်စတယ် တဲ့။ ယူကေ မှာ ၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေအတွင်း ကျယ်ပြန့်ထင်ရှားလာတဲ့ အနုပညာသင်ကျောင်း၊ အခြေခံဒီဇိုင်းဘာသာရပ်လို့ ခေါ်ပေမယ့် အနုပညာတီထွင်ဖန်တီးမှုကိုဦးတည်တယ်။ ဘားဟောက်ရဲ့ အခြေခံသင်ရိုးတွေကနေတစ်စိတ်တစ်ပိုင်း မှီငြမ်းပြုထားပြီး အသုံးချပစ္စည်း တွေပေါ်ကနေ လက်တွေ့စမ်းသပ်ချက်တွေကို အဓိကလုပ်ဆောင်စေတဲ့ နည်းနဲ့ သင်ကြားတယ်။

လက်ရှိ ယူကေ အနုပညာကျောင်းတွေမှာ ယခုထိအဲဒီနည်းလမ်းကို အခြေခံကြဆဲဖြစ်တယ်။ ကော်လာ့ချ်ပန်းချီတွေနဲ့ထင်ရှားတဲ့ ဗြိတိသျှအနုပညာရှင် ရစ်ချက် ဟယ်မီတန်ဟာ ဒီကျောင်းရဲ့ထူးချွန်တဲ့ဆရာတစ်ယောက်ဖြစ်တယ်။



ree

Performance work by students at CalArts, Los Angeles, date unknown


နံပါတ်(၆)က (ကယ်လ်အတ်) အတိုခေါ်တဲ့ ကယ်လီဖိုးနီးယား အင်စတီကျူအော့အတ်၊ ၁၉၆၁ မှာစတင်တည်ထောင်တယ်၊ တက္ကသိုလ်ပညာရေးကိုတော်လှန်ကြတဲ့ ကျောင်းသားအရေးခင်းတွေဖြစ်ချိန်အတွင်း ဆက်လက်ဖွင့်လှစ်နိုင်ခဲ့။ ကယ်လ်အတ် ဟာ သာမာန်အနုပညာသင်ကျောင်းမဟုတ်ပဲ နည်းလမ်းစနစ်အစုံကိုသုံးပြီး တီထွင်ဖန်တီးဖို့ကိုဦးတည်တဲ့ Multidisciplinary အင်စတီကျူတစ်ခုဖြစ်တယ်။ ကျောင်းက သင်ရိုးမရှိပဲ၊ ကျောင်းသားတွေကိုယ်တိုင် နှစ်သက်ရာကိုယ်ပိုင်သင်ရိုးအဖြစ် ယူဆလုပ်ကိုင်ဖို့ ဖွင့်ပြုထားတယ်၊ အတန်းတင်စနစ်လည်းမရှိပါဘူး၊ တော်တော်ဖေါက်ထွက်တဲ့ ကျောင်းပါပဲ။ John Baldessari, Michael Asher and Douglas Huebler, feminist practices (Judy Chicago, Miriam Schapiro), Fluxus (Allan Kaprow တို့လို ဂရိတ်အားတစ်တွေ စတင်ဦးဆောင်ပေးခဲ့တယ်။



ree

Joseph_Beuys,_teaching_at_the_Kunstakademie,_Düsseldorf,_1967


နံပါတ်(၇)ကတော့ ကျနော်တို့ ဆရာကြီး ဂျိုးဇက်ဘွိုင်းဦးဆောင်သင်ကြားတဲ့ ဂျာမဏီက ကန့်စ်တက်အကယ်ဒမီ ဒူဆယ်ဒေါ့ဖ် ပါ၊ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ပိုမိုတိုးတက်လာတဲ့ အနုပညာသင်ကြားမှုတွေကိုရှေ့ဆောင်ခဲ့တဲ့ကျောင်း၊ အထူးသဖြင့် ဆိုရှယ် (စကာချာ) လူမှုအသိုင်းဝိုင်းဆိုင်ရာအနုပညာသဘောတရားကို စတင်ဖြန့်ဝေခဲ့တဲ့ ပါဖောမင့်အနုပညာရှင် ဂျိုးဇက်ဘွိုင်းရဲ့သင်ကြားမှုတွေနဲ့ နောက်ပိုင်း ဂျာမာန်အနုပညာရှင်အကျော်မော်တွေဖြစ်လာတဲ့ ဂျရက်ရစ်ချာ၊ ဆစ်ဂမာပိုလ် တို့ထွက်ခဲ့တဲ့ ကျောင်းပါ၊ အနုပညာကို လူထုပုံစံ အိုင်ဒီယိုလိုဂျီချိန်း ပုံစံမျိူး ပြန်လည်လေ့လာ တည်ဆောက်ဖို့ရည်ရွယ်ချက်ဖြစ်ပါတယ်။



ree

Tania_Bruguera_(seen_left)_and_Anri_Sala_(second_from_right)_in_conversation_at_the_Cátedra_Arte_de_Conducta_(Behaviour_Art_Department),_Havana,_2005


နံပါတ်(၈)ကတော့...ထူးခြားတဲ့ ကျူဘားနိုင်ငံ ဟာဗားနားမြို့က Cátedra Arte de Conducta ဆိုတဲ့ ကျူဘား ပါဖောမင့်အနုပညာရှင် တာနီယာ ဘရုဂူရာ ဆိုသူအမျိုးသမီး ဖွင့်လှစ်ထားတဲ့ အခမဲ့ကျောင်း။ သူ အဲကျောင်းတည်ထောင်လို့ ကျူးဘားအစိုးရရဲ့အဖမ်းဆီးခံရသေးသတဲ့။ ကျောင်းကို ၂၀၀၂-၂၀၀၉ အတွင်း သူ့ရဲ့ ဟာဗားနားက အိမ်မှာဖွင့်ခဲ့ပြီး မည်သူမဆိုတက်ရောက်နိုင်တယ်၊ ကျောင်းရဲ့အမည်ကို Behaviour Art Department လို့ခေါ်ပြီး ပါဖောမင့်အနုပညာကိုအခြေခံကာ လွဲမှားနေတဲ့ ဆိုရှယ်နိုင်ငံရေးနဲ့ဆိုင်တဲ့ အမူအကျင့်ဆိုင်ရာတွေကို အနုပညာနဲ့ပြုပြင်တည့်မတ်ဖို့ အိုင်ဒီယာဖြစ်တယ်၊ သူ့ရဲ့ပန်းတိုင်ကလဲ “constructing citizenry” လူထုစုပေါင်းအပြောင်းလဲပါပဲ။ သူ့ရဲ့အလွန်မှတ်သားစရာ မှတ်ချက်နဲ့ ဒီဆောင်းပါးကို အဆုံးသတ်ထားတယ်၊ “တိုင်းပြည်တစ်ခုမှာ လူမှုပုံစံအပြောင်းလဲလုပ်ဖို့ဆိုရင် ပညာရေးဟာနံပါတ်(၁)မီဒီယံတစ်ခုပါ” တဲ့။

……

ခင်မင်လျှက်

Aung Myat Htay

၂၀၁၉




Comments


bottom of page