(အီရန် တီး မေးမြန်းသည်)
Conversation with Artist-Curator Aung Myat Htay, Surveying Myanmar contemporary art
Interview by Ian Tee (ArtandMarket.net)
..................
လွတ်လပ်တဲ့ အနုပညာဖန်တီးမှုတွေကို ခေတ်ပြိုင်အနုပညာမှာ ရှာဖွေနိုင်ခဲ့ခြင်းဟာ အောင်မြတ်ဌေးရဲ့ အနုပညာရှင်သန်မှု အဓိကအချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၈၈ ခုနှစ် အရေးအခင်းကာလ ဒီမိုကရေစီလှုပ်ရှားမှုတွေ နိုင်ငံတဝှမ်းဖြစ်နေချိန် အထက်တန်းကျောင်းသားတစ်ဦးအနေနဲ့ မျက်မြင်ကြုံတွေ့ခဲ့တာဟာ သူ့လက်ရာတွေမှာ နက်ရှိုင်းစွာပါဝင်နေပါတယ်။ သူ့ဖန်တီးမှုတွေမှာ သင်္ကေတဟန်တွေ၊ ရိုးရာပုံသဏ္ဍာန်ပေါင်းစပ်မှုတွေနဲ့ ခေတ်ပြိုင် လူမှုရေးဆိုင်ရာ ရသအသစ် ပုံစံတွေရောစွက်နေပါတယ်။ ပညာရပ်စာပေတွေ ပြုစုရေးသားခြင်းနဲ့ ပြပွဲစီစဉ်ဖန်တီးခြင်းကလည်း သူ့ရဲ့အရေးပါတဲ့ အခြားအခန်းကဏ္ဍတွေဖြစ်ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်မြန်မာ(၂)ဘာသာနဲ့ထုတ်ဝေတဲ့ မြန်မာခေတ်ပြိုင်အနုပညာလေ့လာချက် စာအုပ်နှစ်ခုဟာ မြန်မာ့အနုပညာအပြောင်းလဲကို ခန့်မှန်းနိုင်တဲ့ အရေးပါတဲ့ ပြုစုထားခြင်းတွေဖြစ်ပါတယ်။ သူဟာ ပြည်တွင်းအနုပညာသင်ကြားရေးကို တဖက်တစ်လမ်းက ဖြည့်စွက်ပေးနိုင်ဖို့ SOCA အွန်လိုင်းအနုပညာပရိုဂရမ်ကိုလည်း ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။
ယခု ဆွေးနွေးခန်းမှာ အနုပညာရှင်တစ်ဦးအနေနဲ့ သူဖြတ်သန်းလာတဲ့ ဘဝခရီးအတွေ့ကြုံအမျိုးမျိူးတွေနဲ့ မြန်မာအနုပညာဖွံ့ဖြိုးလာမှုအပေါ် တွေ့သိခဲ့သမျှ အယူအဆအမြင်တွေကို ပြောပြပေးထားတာဖြစ်ပါတယ်။
.........
1. ငယ်စဉ်ကထဲက ခင်ဗျားဖခင်နဲ့အတူ ကြေးပုံသွင်းပန်းပုအလုပ်ကိုသင်ယူလုပ်ကိုင်ခဲ့ပြီး၊ နောက်တော့ အစိုးရပန်းချီပန်းပုကျောင်းတက်တယ်၊ ပြီးမှ အမျိုးသားအနုပညာတက္ကသိုလ်ကိုဆက်တက်တယ်လို့သိရတယ်။ အဲဒီခေတ် ၉၀ ခုနောက်ပိုင်းရဲ့ အနုပညာ ပညာရေးကို ခင်ဗျားဖြတ်သန်းလာတဲ့အပေါ်မှာ ဆွေးနွေးပေးပါ၊ ခေတ်ပြိုင်အနုပညာကို ဘယ်လိုထိတွေ့ဖေါ်ထုတ်ဖြစ်လာတာလဲ ဆိုတာအပါ၀င်ပေါ့။
ငယ်ငယ်က မိရိုးဖလာပန်းပုကို အလုပ်သင်အနေနဲ့သင်ယူခဲ့တဲ့အတွက် Traditional art အခြေခံတွေရခဲ့တယ်၊ အဲဒီအချိန်က ပြင်ပဗဟုသုတသိပ်မရှိခဲ့ဘူး၊ နိုင်ငံကဆိုရှယ်လစ် တံခါးပိတ်ဝါဒမို့စာအုပ်စာတမ်းလည်းရှားတယ်၊ ၁၉၉၃ မှာ အစိုးရပန်းချီကျောင်းဆင်းပီး ၁၉၉၄ မှာ ရန်ကုန်အနုပညာတက္ကသိုလ်ကို တက်ဖြစ်တယ်၊ တက္ကသိုလ်ရဲ့အမည်က ယဉ်ကျေးမှုတက္ကသိုလ်တဲ့၊ စစ်အစိုးရက ဖွင့်လှစ်ခဲ့တာ၊ သင်ရိုးအများစုက ပန်းချီပန်းပုကျောင်းတွေက သင်ရိုးတွေကိုယူထားတာပါ။ ကျောင်းမှာသင်တာက ၁၉ ရာစုအခြေခံပန်းချီ စနစ်တွဖြစ်ပီး အများစု ကိုးကားသင်ယူကကတာက မိရိုးဖလာနည်းလမ်းတွေပါ။ ကမ္ဘာ့ Art history ကိုစနစ်တကျစူးစမ်းမှုမရှိခဲ့သလို အနုပညာကို Intellectual အခြေခံပီးတည်ဆောက်ပုံမျိုးမဟုတ်ခဲ့ပါ။ အစိုးရရဲ့ဝါဒဖြန့်ချီရေးပုံစံ ယဉ်ကျေးမှုပေါ်လစီအောက်မှာ မိရိုးဖလာကိုဆက်လက်ထိန်းသိမ်းဖို့သာ ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်ထိ ခေတ်မီတဲ့ အနုပညာ Ideology, Theories တွေကို စနစ်တကျ မပျိုးထောင်ပေးနိုင်သေးတာေတွ့ရပါတယ်။
၁၉၉၈ မှာ ပန်းပုမေဂျာနဲ့ဘွဲ့ရခဲ့ပီး ၂၀၀၁ အထိ အဲဒီတက္ကသိုလ်မှာပဲ နည်းပြဆရာလုပ်ခဲ့ပါတယ်။ ၂၀၀၂ မှာ အလုပ်ထွက်ခဲ့ပီး ပြင်ပ Freelance artist အဖြစ်ရပ်တည်ခဲ့တယ်၊ ဒီအချိန်ကနေစပြီး အနုပညာဆိုင်ရာစာတွေကိုပြုစုရေးသားခဲ့ပါတယ်၊ အနုပညာကိုလဲ ပိုမိုလေ့လာဖြစ်ခဲ့ပါတယ်။ ၂၀၁၀ မှာ ဖုကုအိုကအနုပညာပြတိုက် Artist Residency program အတွက်ရွေးချယ်ခံရပီး ဂျပန်မှာ(၃)နေထိုင်ခွင့်ရလို့ ပြည်ပ ခေတ်ပြိုင်အနုပညာကိုစတင်ထိေတွ့ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ကိုယ့်နိုင်ငံရဲ့ အနုပညာလမ်းကြောင်းဟာ ပြင်ပ trend တွေနဲ့မတူဘဲ နောက်ကျကျန်နေပီလို့ စတင်သိလာပါတယ်။
2. ဘွဲ့ရပြီးတော့ အနုပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အနုပညာအလုပ်ဆက်လုပ်ဖို့ ဘယ်လိုကျိုးစားခဲ့လဲ၊ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ အနုပညာပြပွဲတွေလုပ်ဖို့ ဘယ်လိုအခွင့်လမ်းတွေရခဲ့လဲ။ ဘဝရပ်တည်မှုအတွက် အခြားအလုပ်တွေကိုပါ လုပ်ခဲ့ရသလား။
ဘွဲ့ရပြီးချိန်မှာ အနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်ဖို့ ခက်ခဲပါတယ်၊ ပြပွဲတစ်ခုလုပ်နိုင်ဖို့ဆိုတာ ကိုယ့်မှာပန်းချီလက်ရာတွေရှိရင်တောင် ပြခန်းငှားရမ်းခ၊ ပြင်ဆင်စရိတ်တွေကြီးမားပါတယ်။ ဒါပေမယ့် ကျနော့်အတွက်က ကျောင်းမပြီးခင် ၁၉၉၇ ခုနှစ်ထဲက တစ်ကိုယ်တော်ပန်းချီပြပွဲ လုပ်နိုင်ခဲ့ပါတယ်၊ ဒါကလည်းမိတ်ဆွေဆရာတွေရဲ့ကူညီဖေးမမှုတွေကြောင့်ပါ။ တစ်ကယ်တော့ တက္ကသိုလ်မတက်ခင် ပန်းချီကျောင်းဆင်းပြီးထဲက အနုပညာပြပွဲတွေနဲ့ထိတွေ့နေပါပြီ။ ပန်းချီကျောင်းဆင်းအများစုဟာ အစိုးရဌာနတွေမှာဝန်ထမ်းလုပ်ရင်လုပ်၊ ဒါမှမဟုတ် ပြင်ပမှာစာနယ်ဇင်းသရုပ်ဖေါ်ဆရာတို့၊ အရောင်းပြခန်းတင်ပန်းချီဆရာတို့ လုပ်ကြပါတယ်။ ဒါကြောင့် ဘွဲ့မရခင်ထဲက အနုပညာလောကထဲရောက်ခဲ့ပါတယ်။ ရန်ကုန်ကလောကနတ်ပြခန်းမှာ ပြပွဲလုပ်ဖို့အိမ်မက်ကတော့ မန္တလေးမှာထဲက ရှိတာပါ။
အဲဒီအချိန် ၉၄ ၀န်းကျင်က ရန်ကုန်မှာ လောကနတ်ပြခန်းဟာ ထင်ရှားပါတယ်၊ လူသစ်တဦးအတွက် ပြပွဲတွေလုပ်နိုင်ဖို့ chance ဆိုတာ commercial gallery တွေမှာအဖွဲ့ဝင်ပြီး သွားတင်ရတဲ့ အရောင်းပြပွဲသာရှိပါတယ်။ အနုပညာပြပွဲဆိုတာထက် ကမ္ဘာလှည့်ခရီးသွားနဲ့ နိုင်ငံတစ်ကာသံတမံတွေရဲ့ souvinor ဆန်ဆန် ဝယ်ယူမှုကိုဦးတည်ကြပါတယ်။ အဲဒီအချိန်က ဒီလိုသံတမံကြိုက်ပန်းချီကနေ ဖေါက်ထွက်တဲ့အနုပညာလှုပ်ရှားမှုတွေတော့ ပြင်ပမှာ စတင်နေပါပြီ၊ မော်ဒန်အနုပညာတွေ၊ ပါဖောမင့်အနုပညာတွေ စမ်းသပ်လုပ်နေကြပါပြီ၊ နိုင်ငံရေးတော်လှန်မှုပုံစံတွေအပါ၀င်ပါ။
မော်ဒန်အတ်ပြပွဲတစ်ချို့ကို ပြင်ပအနုပညာလေ့လာသူ(Sealf-taught artist) တွေပြသလာကြပေမယ့် ပြခန်းတွေမှာ မော်ဒန်အတ်ဟာနေရာသိပ်မရသေးသလို အနုပညာကိုသီးသန့်(no selling purpose) ပြဖို့ ဆိုတာလည်း ရှားပါးနေဆဲအချိန်ခါပါ။ ရန်ကုန်ရဲ့အရင်က ဆရာ ဦးခင်မောင်ရင်၊ ဗဂျီအောင်စိုး တို့ပါဝင်တဲ့ AI group ရဲ့ မော်ဒန်အနုပညာတွေနဲ့ ဦးခင်မောင်ဘဏ်၊ပေါ်ဦးသက်၊ ဦးဝင်းဖေ တို့ရဲ့မော်ဒန်စတိုင် ပန်းချီတွေ လွှမ်းမိုးအားကောင်းနေဆဲဖြစ်ပါတယ်။ ကျနော်တို့လို ဘွဲ့ရပြီးအနုပညာလောကမှာ ကြိုးစားနေဆဲလူအဖို့ ရန်ကုန်ဟာ နေစရိတ်ကြီးပါတယ်၊ အဲဒီအတွက် Additional job တွေလုပ်ခဲ့ပါတယ်။ Computer Graphic design ကို စတင်သင်ယူ လုပ်ကိုင်ခဲ့ပါတယ်။ ဒီလို အခြားအလုပ်ကိုင်(ပရိုဖက်ရှင်)ဖြစ်သွားပေမယ့် ပြင်ပအနုပညာပြပွဲတွေနဲ့အမြဲထိတွေ့သင်ယူပါတယ်၊ ရသမျှစာအုပ်စာတမ်းတွေကိုလေ့လာခဲ့ပါတယ်။
ရန်ကုန် စွယ်တော်စေတီတော်တည်ဆောက်ရေး လုပ်ငန်းခွင် ၁၉၉၈၊ ပန်းပုအလုပ်တွင်
Archival photo of Aung taken in 2010, at his residency studio in Fukuoka Asian Art Museum, Japan. Image courtesy of the artist.
......
3. အနုပညာဆိုင်ရာ လေ့လာစူးစမ်းမှုတွေနဲ့ ပြပွဲစီစဉ်မှုအလုပ်တွေကိုလုပ်ဖို့ ဘယ်လိုရွေးချယ် ဆုံးဖြတ်ဖြစ်ခဲ့တာလဲ၊ တွဲလုပ်ဖို့ လိုအပ်လို့လား။ အဲဒီအလုပ်တွေအတွက် ဘယ်လိုအကူအညီတွေ လမ်းပြသူတွေရှိခဲ့လဲ။
ကျနော့်အတွက် Curatorial practice အစကနဦးကတော့ အနုပညာနဲ့ဆိုင်တဲ့ စာတွေရေးသားဖြစ်ခြင်းပါပဲ။ တက္ကသိုလ်နည်းပြဆရာအလုပ်ကထွက်ပြီးချိန်မှာ အခြေခံပန်းချီရေးဆွဲနည်းစာအုပ်ကို ပြုစုထုတ်ဝေခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ် ပန်းချီနည်းစနစ်ဆိုင်ရာစာအုပ်ရယ်လို့ သီးသီးသန့်သန့်မရှိသေးချိန်ပါ။ ထိုစာအုပ်ဟာ ပန်းချီလေ့လာသူတော်တော်များများကို ကူညီနိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်နောက်မှာ ပန်းချီနဲ့ဆိုင်တဲ့စာပေတွေကို ရှာဖွေဖတ်ရှုပြီး မြန်မာပြန်ခဲ့သလို ဆောင်းပါးတွေလည်းရေးဖြစ်ပါတယ်။ ပထမဆုံအကြိမ် ဂျပန်ကပြန်လာပြီးချိန်မှာ မိမိတို့အနုပညာလောကရဲ့ အားနည်းချက်တွေကိုတွေ့ရှိလာသလို ကမ္ဘာ့အနုပညာရေချိန်နဲ့ နှိုင်းယှဉ်သုံးသပ်လာမိတယ်။
အဲဒီအချိန်က စပြီး ပြင်ပဖေါက်ထွက်တဲ့ အနုပညာဖန်တီးသူတွေနဲ့ပေါင်းသင်းခဲ့ပြီး မော်ဒန်အတ်၊ ပါဖောမင့်အတ်နဲ့ အင်စတော်လေးရှင်းပြပွဲတွေမှာ ပါဝင်လှုပ်ရှားဖြစ်ပါတယ်။ အရှေ့တောင်အာရှက စီးဝင်လာတဲ့ ခေတ်ပြိုင်အနုပညာ သတင်းတွေ၊ လာရောက်ဖြန့်ဝေသူတွေနဲ့တွေ့ဆုံမှုတွေရှိလာခဲ့ပြီး၊ ပြည်တွင်းမှာ ကွဲပြားဆန်းသစ်တဲ့အနုပညာပွဲတွေလုပ်ဖို့ စတင်စိတ်ကူးလာမိပါတယ်။ သို့ပေမယ့် ပြည်တွင်းရဲ့ အနုပညာလောကအခြေနေဟာ မော်ဒန်အနုပညာအိုင်ဒီယာတွေနဲ့ စီပွားရေးပြခန်းကအပြင်ဆင်တွေက လွှမ်းမိုးနေဆဲဖြစ်တဲ့အတွက် ခရီးမရောက်ခဲ့ပါ။ ၂၀၁၁ မှာ အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့က ပါဖောမင့်ပွဲတော်တစ်ခုမှာ ကျနော်ပါဝင်ခွင့်ရပြီး အဲဒီကအနုပညာဆန်းန် ကိုလေ့လာခွင့်ရပြီးတော့ မိမိတို့နိုင်ငံမှာ အနုပညာအချက်လက် အလွန်အားနည်းနေဆဲဖြစ်တာတွေ့ရတဲ့အတွက် ပထမဆုံး ဗီဒီယိုအနုပညာမဂ္ဂဇင်းကို စီစဉ်ခဲ့ပါတယ်။ ဒါက ပထမဆုံး အနုပညာပွဲစီစဉ်ခြင်း(Curatorial research program) အခြေခံသဘောလို့ ဆိုနိုင်ပါတယ်။ လက်တွေ့သင်ယူနိုင်ခဲ့တာကတော့ ၂၀၁၄ မှာ Centre for Curatorial Study (CCS)Berd Hassel Museum မှာ လေ့လာသူအနေနဲ့ တက်ခွင့်ရခြင်းနဲ့ ၂၀၁၆ မှာ Japan Foundation Asia center (Tokyo) မှာကျင်းပတဲ့ Curatorial workshop ကိုတက်ရောက်ဖြစ်တာပါ။
4. ၂၀၁၄ မှာ ခင်ဗျား ACC Grant ဆု ရတယ်၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာနေထိုင်ပြီး အနုပညာလေ့လာဖို့ရယ် အနုပညာဖန်တီးဖို့အခွင့်လမ်းတွေရခဲ့တယ်။ အတွေ့အကြုံတွေကိုပြောပြပါဦး၊ ပြီးတော့မြန်မာနိုင်ငံ ပြန်လာချိန်မှာ ဘယ်လိုအမြင်သစ် အယူအဆသစ်တွေသယ်ဆောင်လာနိုင်ခဲ့လဲဆိုတာရော။
Asian Cultural Council ရဲ့ဂရန့်ဆုရတာက ကျနော့်အတွက်ကြီးမားတဲ့ အလှည့်ပြောင်းတစ်ခုပါပဲ။ အထူးသဖြင့် ကမ္ဘာ့အနုပညာလောကရဲ့ကျယ်ဝန်းတဲ့အခြေနေကို မြင်တွေခွင့်ရခဲ့တာပါ၊ အဲဒီအခွင့်ရေးကြောင့် Curatorial ဆိုင်ရာအသိမြင်တွေလည်း ပိုသိမြင်လာပါတယ်။ အတွေ့ကြုံတွေများစွာထဲမှာ ယဉ်ကျေးမှုကဏ္ဍ တိုးတက်ဖွင့်ဖြိုးဖို့လိုအပ်တဲ့အချက်တွေဖြစ်တဲ့ ဂလိုဘယ်ဆိုင်ရာ အပြန်အလှန်နားလည်မှုတွေ၊ ဖေါက်ထွက်တွေးခေါ်ခြင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ (Reconstruction Deconstruction) အလုပ်တွေကို နားလည်သိမြင်လာပါတယ်။ အနုပညာ သမားတစ်ယောက်အနေနဲ့ Personal artist အမြင်တွေလည်း လုံးဝပြောင်းလဲသွားပါတယ်။ အထူးသဖြင့် နယူးယောက်မှာရရှိတဲ့ အနုပညာအတွေ့ ကြုံတွေက Post-Abstraction, Minimalism နဲ့ Conceptualism အနုပညာတွေပါ။
ကျနော်တို့တစ်လျှောက်လုံး အနုပညာဖန်တီးမှုတွေမှာ ကြည့်သူရဲ့ရပ်တည်မှုနဲ့ ဖန်တီသူရဲ့ရပ်တည်မှုမှာ ကြားခံ(craftsmanship skill) ဟာ အတာဆီးတစ်ခုလို ပိုင်းခြားထားပြီး ဖန်တီးသူရဲ့ရပ်တည်မှုကို တရားသေသတ်မှတ်ထားပါတယ်။ နယူးယောက်အပါအဝင် လက်ရှိနိုင်ငံတစ်ကာခေတ်ပြိုင်အနုပညာတွေမှာက ကြည့်သူနဲ့ဖန်တီးသူရဲ့ကြားက အတားအဆီးဟာ ယခင်လိုမဟုတ်ပါဘူး၊ ဒါ့အပြင် ကြည့်သူဟာ တစ်ခါတစ်ရံ အနုပညာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ ဖန်တီးသူဟာ ယခင်ခေတ်ကလို ပညာရပ်တစ်ခုအပေါ်မှာ ပုံသေရပ်တည်ပြုလုပ်နေသူမဟုတ်တော့ပဲ အခြားသော(ပုံသေမဟုတ်တဲ့)နေရာအစုံကနေ ဖန်တီးလာကြတာကို တွေ့ရပတယ်။ နယူးယောက်ခ်မှာ Exhibition တစ်ခုအပါအဝင် လေ့လာမှုတွေများစွာ လုပ်ဖြစ်ခဲ့ပါတယ်။ (၆)လကြာနေထိုင်ခဲ့တဲ့အတွေ့ကြုံတွေက Social, political အားဖြင့် ပိုမိုပွင့်လင်းမှုတွေ တွေ့မြင်ရခဲ့တယ်လို့ ယူဆပါတယ်။ သို့ပေမယ့် ပြန်လည်မျှဝေဖို့ရာမှာတော့ အခက်တွေများစွာရှိပါတယ်။ ကိုယ်တိုင်လည်း ယခင်လုပ်နေတဲ့ပန်းချီဟန်တွေကိုရပ်တန့်ခဲ့ပြီး အခြားသောအသစ်ကိုရှာဖွေချင်ခဲ့ပါတယ်။
5. မြန်မာအနုပညာ(ဆင်းန်)ရဲ့ အရေးပါတဲ့ ပရောဂျက်နှစ်ခုကို ခင်ဗျားစီစဉ်ခဲ့တယ်၊ An Introduction to Contemporary Art in Myanmar’ (2013) နဲ့ ‘Silence is Golden: Myanmar Art After Political Changes’ (2019) ဆိုတဲ့ ပရောဂျက်နှစ်ခုဟာ ကွဲပြားခြားနားတဲ့ အနုပညာမီဒီယံတွေနဲ့ မျိုးဆက်မတူတဲ့အနုပညာရှင်တွေအပေါ်မှာ လေ့လာသုတေသနပုံစံ စီစဉ်ထားတယ်။ ကျွန်တော် သတိထားမိတာက အစီစဉ်နှစ်ခုလုံးမှာ တူညီတဲ့အနုပညာရှင်လို့ မတွေ့ရဘူး၊ (မတူတဲ့ အနုပညာရှင်တွေချည်းပဲရွေးထားတယ်)၊ အဲဒါ သေချာကြိုတင်စီစဉ်ခဲ့တာလား၊ အနုပညာရှင်မတူတာဟာ ပုံစံစတိုင် သို့မဟုတ် ခေတ်မတူတဲ့ အခြေနေကိုစူစမ်းဖို့လား၊ ဘယ်လိုစီစဉ်မှုနည်းလမ်း၊ ရည်ရွယ်ချက်တွေနဲ့ စီစဉ်ခဲ့သလဲ ရှင်းပြပေးပါ။
အဲဒီပရိုဂရမ်(၂)ခုက ပြည်တွင်းရဲ့လက်ရှိအခြေအနေကို Survey လုပ်တဲ့ အချက်လက်တင်ပြမှု Documentation ပုံစံကို မီဒီယာပလက်ဖောင်းမှာ လုပ်ထားတာဖြစ်ပါတယ်။ ဒါက ကိုယ်လက်လှမ်းမီနိုင်တဲ့ အခွင့်လမ်းလည်းဖြစ်ပီး လုပ်ရိုးလုပ်စဉ်ပြပွဲတွေထက် ခရီးပိုရောက်နိုင်လို့ဖြစ်ပါတယ်။ တစ်ကယ်တော့ ဒီအိုင်ဒီယာကို အိန္ဒိယမှာ အနုပညာပွဲတစ်ခုတက်ရင်း ဆွစ်ကျူရေတာတစ်ဦးရဲ့ ဗီဒီယိုပရိုဂရမ်လေးတစ်ခုကိုတွေ့ပြီး ရခဲ့တာပါ။ ဒါဟာ ပညာရပ်ဆိုင်ရာမျှဝမှေုအနေနဲ့ အတော်လေး Support ပေးနိုင်သလို သမိုင်းမှတ်တိုင်လည်းဖြစ်နိုင်ပါတယ်။
မေးခွန်းမှာမေးထားသလို အစီစဉ်နှစ်ခုမှာ မတူတဲ့အုပ်စုနှစ်ခုကိုဟိုက်လိုက်လုပ်ချင်လို့ဆိုတာ မှန်ပါတယ်၊ တစ်ကယ်တော့ ဒါဟာ ဒီအစီစဉ်ရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ ပြတိုက်၊ ပြခန်းတွေကလုပ်တဲ့ အနုပညာ promotion ပုံစံနဲလဲဆင်တူသလို၊ ပထမအကြိမ်ပါဝင်ပြီးသူထဲက (စိတ်ဝင်စားစရာလက်ရာအသစ်တွေရှိနေပေမယ့်) အသစ် အနုပညာရှင်တွေကိုပဲ ဦးစားပေး ဖြစ်ပါတယ်။... ဒါ့အပြင် ပထမအကြိမ်နဲ့ ဒုတိယအစီစဉ်ဟာ ပုံစံကွဲပြားပါတယ်၊ ပထမအကြိမ်ဟာ အနုပညာရှင်စာရင်းပြုစုခြင်းနဲ့ မီဒီယံအမျိုးစား၊ လက်ရာပုံစံတွေကို ဦးစားပေးထားပြီး၊ ဒုတိယအကြိမ်မှာတော့ လက်ရာတခုချင်းပေါ်က နိုင်ငံရဲ့ အနုပညာscene ပုံစံကို ဖေါ်ပြဖို့ context ကိုပါချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ တစ်ဦးစီရဲ့ ရှုထောင့်တွေကို ခေတ်အခြေနေနဲ့ ချတ်ဆက်ပေးနိုင်ခဲ့တယ်လို့ဆိုနိုင်ပါမယ်။
အစီစဉ်နှစ်ခုလုံးမှာ ကိုယ်ထူကိုယ်ပုံစံဖြစ်ပြီး အနုပညာရှင်တွေဟာ အခမဲ့ ဖြေကြားပါဝင်ပေးခဲ့တာမို့ အလွန်ကျေးဇူးတင်စရာကောင်းပါတယ်။ ဒုတိယအကြိမ်မှာတော့ AURA မဲခေါင် အနုပညာဖောင်ဒေးရှင်းက ကတ်တလောက်ပြုစုထုတ်ဝေဖို့ ကူညီပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာအခင်းကျင်းဟာ Individualist များပါတယ်၊ စုစည်းသုံးသပ်နိုင်ဖို့လည်းခက်ခဲပါတယ်။ အားလုံးခြုံပြောရရင် အခု Project ဟာ ကျန်တော့်အတွက် ကိုယ်ပိုင်သုနတသနလည်းဖြစ်သလို၊ local scene ကို shaping လုပ်ထားတဲ့ Collective work တစ်ခုဆိုလည်း မမှားပါဘူး။
6. အနုပညာအစုအဖွဲ့တွေ၊ စပေ့တွေကိုပြောရင် မြန်မာနိုင်ငံမှာ ပထမဆုံးအနုပညာအစုဖွဲ့အနေနဲ့ ၁၉၇၉ မှာစတင်ခဲ့တဲ့ ကံ့ကော်ရွာ အဖွဲ့လို့သိရတယ်၊ အဲဒီအဖွဲ့က မန်ဘာတဦးဖြစ်တဲ့ ပန်းချီဦးအောင်မြင့်ရဲ့ အင်းယားပြခန်းဟာ ၁၉၈၉ မှာစတင်ခဲ့တယ်၊ အဲဒီကာလရဲ့အနည်းငယ်သော ပုံစံကွဲပြားတဲ့အနုပညာပြခန်းတွေထဲကတစ်ခုလို့သိရတယ်၊ နောက်ပိုင်း ပြခန်း(စပေ့)အနေနဲ့ အေးကိုနဲ့ နယူးဇီးရိုးအဖွဲ့ကိုဥပမာပေးကြတယ်။
အခုလတ်တလော ခင်ဗျားအတွက်စိတ်ဝင်စားမိတဲ့ ပြည်တွင်းက အနုပညာအစုအဖွဲ့တွေနဲ့ အတ်စပေ့တွေရှိလား၊ အဲဒီအဖွဲ့တွေ ဘယ်လိုဖြစ်တည်လာလဲ ဘယ်လိုဖွဲ့ဖြစ်လာကြသလဲ သိပါရစေ။
မြန်မာပြည်ဟာ Collectivism မှာ အားမကောင်းခဲ့ပါဘူး၊ အထူးသဖြင့် နိုင်ငံရေးထိုးနှက်ချက်ကြောင့်ဖြစ်ပါတယ်။ အချင်းချင်းစည်းလုံးမှုမရှိသလို စုပေါင်းလုပ်ဆောင်တတ်ခြင်းလည်းအားနည်းတယ်လို့ ပြည်ပမိတ်ဆွေတွေပြောလေ့ရှိပါတယ်။ မြန်မာအများစုဟာဖေါ်ရွေတတ်သလို အလှဆုံးအပြုံးပိုင်ရှင်တွေလို့လဲဆိုကြပေမယ့် အနုပညာမှာ တစ်ကိုယ်တော်အစွမ်းပြမှု သိုမဟုတ် မိမိစိတ်ခံစားမှုကိုသာရှေ့တန်းတင်လေ့ရှိပါတယ်။ ဒါဟာ စုပေါင်းဖန်တီးမှုတွေအားနည်းရခြင်းအကြောင်းတစ်ခုလို့ထင်ပါတယ်။
Gangaw Village အုပ်စုဟာ အစိုးရအနုပညာအသိုင်းဝိုင်းကမဟုတ်တဲ့ ပြင်ပတက္ကသိုလ်ကျောင်းသားတွေ စုစည်းကြတဲ့ ပန်းချီမိတ်ဆွေများအဖွဲ့ပါ။ သူတို့ဟာ(အဲဒီအချိန်က ခေတ်မီတဲ့) မော်ဒန်ပန်းချီတွေရေးဆွဲပြသခဲ့ကြပါတယ်။ အနုပညာအသိုင်းဝိုင်းမှာ ယခုထိ အဲဒီအုပ်စုရဲ့လွှမ်းမိုးမှုတွေ ရှိဆဲပါ။ သို့သော်လည်း အနုပညာရဲ့သဘောတရားမှာ ရွေ့လျှားပြောင်းလဲနေသလိုပဲ ယနေ့ခေတ်မှာ မော်ဒန်အနုပညာဟန်ပန်တစ်ချို့ဟာ ရိုးအီငြီးငွေ့စရာတွေရှိလာပါတယ်။ နောက်ပိုင်းမှာ မော်ဒန်အနုပညာအခြေခံတဲ့ အနုပညာအသိုင်းဝိုင်းတစ်ချို့ရှိပေမယ့် Artist collective ပုံစံလို့ မဆိုနိုင်တော့တာ ဒီအချက်ကြောင့်လို့ထင်ပါတယ်။ ယနေ့ခေတ်မှာတော့အနုပညာသမားလူငယ်အစုဖွဲ့တစ်ချို့ရှိလာပြီး အားကောင်းတဲ့အနုပညာဖေါ်ထုတ်မှုတစ်ချို့ ကိုတွေ့လာရပါပြီ။ စစ်အစိုးရခေတ်က နိုင်ငံရေးဆန်ကျင်ဖေါက်ထွက်မှုဆန်တဲ့ art movement တွေဟာညိမ်သက်သွားခဲ့ပြီး အနုပညာရှင်အချို့တော့ မော်ဒန်ဟန်တွေကိုရေးဆွဲဆဲ ကျန်ရှိပါတယ်။
နိုင်ငံတစ်ကာအနုပညာဘွဲ့ရတဲ့ လူငယ်မျိုးဆက်တွေရှိလာပြီး ပုံစံသစ်ထိုးဖေါက်မှုတွေကို တာစူနေတာကြားရပါတယ်၊ art space လှုပ်ရှားမှုပုံစံမဟုတ်ပဲ အခြားသော ပလက်ဖောင်းတွေဖြစ်တဲ့ ရုပ်ရှင်တိုရိုက်ကူးခြင်း၊ ကဗျာစာပေကဏ္ဍ၊ Music video ထုတ်လုပ်မှုတွေမှာ စိတ်ကူးသစ်တွေရှိလာတာတွေ့ရပါတယ်၊ Noice in Yangon, Thuma Collective, Dawei Art space, 3-ACT, Pyinsa RaSa တို့လို အသစ်ကိုရှေ့ရှုလာတဲ့အဖွဲ့တွေ ကစိတ်၀င်စားဖွယ်ပါ၊ သူတို့ဟာ မြန်မာ့ Art scene အသစ်တွေလို့ဆိုနိုင်ပါတယ်။
7. SOCA (ခေတ်ပြိုင်အနုပညာကျောင်း)ဆိုပြီး ၂၀၁၅ မှာ အွန်လိုင်အနုပညာလေ့လာရေး အစီစဉ်တစ်ခု ခင်ဗျားစတင်ခဲ့တယ်၊ ပြည်တွင်း ခေတ်ပြိုင်အနုပညာဆိုင်ရာ အရင်းမြစ်အထောက်ကူဖြစ်ဖို့ပေါ့၊ အဲဒီအစီစဉ်မှာ ဘာတွေပါဝင်လဲ၊ ဘယ်လိုလူတွေကိုရည်ရွယ်ခဲ့သလဲ။ ဆိုကာစပေ့မှာရော ဘယ်လိုအခြေနေတွေကိုထောက်ကူပေးလဲ၊ အွန်လိုင်းသင်ကြားမှုကိုတိုးချဲ့တဲ့သဘောလား။
ပြည်တွင်းမှာ အနုပညာတိုးတက်မှုတစ်ချို့ရှိလာပေမယ့် ခေတ်ပြိုင်အနုပညာကိုစနစ်တကျလေ့လာဖို့ပံ့ပိုးနိုင်တဲ့ အဖွဲ့စည်း၊ ပလက်ဖောင်း မရှိသေးတဲ့အတွက် online ကနေစတင်ဖို့စဉ်းစားဖြစ်ပါတယ်။ ၂၀၁၅ New York ကပြန်ရောက်ပြီးချိန် စတင်ခဲ့တဲ့ပရောဂျက်တစ်ခုပါ။ ဒါပေမယ့် Institution တစ်ခုလိုစီးပွားဖြစ်လုပ်ဖို့တော့ chance မရှိခဲ့ပါဘူး။ စတင်ချိန်မှာ မိတ်ဆွေတွေနဲ့တိုင်ပင်ဆွေးနွေးပွဲလေးလုပ်ပါတယ်၊ စုပေါင်းပါဖောမင့်လေးပွဲလေးတစ်ခုနဲ့စတင်မိတ်ဆက်ပါတယ်၊ ပြီးတော့ Facebook page တစ်ခုမှာ ပရိုဂရမ်လုပ်ဖြစ်ပါတယ်။ SOCA ပရောဂျက်ဟာ လူငယ်တွေ Contemporary Art ကိုပိုစိတ်ဝင်စားပြီး သိရှိလာဖို့၊ အတွေးခေါ်ဟောင်းတွေလွတ်ကင်းပြီး လမ်းသစ်ဖေါက်ဖို့ရည်ရွယ်တာပါ။
SOCA program မှာ လက်ရှိခေတ်အနုပညာရှင်တွေ ပြပွဲတွေနဲ့ ကိုယ်တိုင်အတွေ့ကြုံတွေကိုအခြေခံပါတယ်၊ သင်ကြားမှုမှာ Art21 series တွေနဲ့ education guide တွေကိုမှီငြမ်းပါတယ်။ အဲဒီမှာ ပထမဆုံးသိလာတာက ပြည်တွင်းလူငယ်တွေဟာ ဘာပံ့ပိုးမှုမှမရတဲ့အတွက် အနုပညာအသစ်ဆန်းကိုချဉ်းကပ်ဖို့လက်နှေးသလို စွန့်စားရမှာမျိုးကို မလုပ်ချင်ကြပါဘူး၊ မြင်ဖူးသမျှတွေကိုထပ်ပြန်တလဲအားပေးရင်း အစိုးရပညာရေးမှာသင်ယူခဲ့သလောက်နဲ့ရပ်တန့်ပြီး အလုပ်ဖြစ်ဖို့ပဲ တာစူကြပါတယ်။ အများစုဖြတ်သန်းခဲ့တဲ့ ပညာရေးဟာ အခြေခံ Foundation ဆိုင်ရာလိုအပ်ချက်တွေရှိခဲ့သလို အနုပညာကို အမြင်ပသာဓကနေကျော်ပြီး အခြားမျက်နှာဖက်တွေကိုမကြည့်နိုင်သေးပါဘူး၊ တစ်ဖန် နိုင်ငံရေးဖွင့်ထုတ်မှုဆန်တဲ့ ဖိနှိပ်မှုဆန့်ကျင်ခြင်း၊ လူအခွင့်ရေး စတဲ့လှုပ်ရှားမှုတွေနဲ့ ရောစွက်နေတယ်လို့မြင်ပါတယ်။ ဒါကလည်း နိုင်ငံရေးအပြောင်းလဲကာလရဲ့ဂယက်တွေပါပဲ။
SOCA အစီစဉ်တွေမှာတော့ current art trend တွေ၊ ဒီခေတ်အနုပညာတွေမှာပြောတဲ့ အကြောင်းရာတွေကို နားလည်ဖို့ဦးစားပေးပါတယ်။ physical space အနေနဲ့ 2018 ထဲမှာ အခန်းတစ်ခု ငှားရမ်းခဲ့ပြီး Workshop, seminar, exhibitions တစ်ချို့ကိုစီစဉ်နိုင်ခဲ့ပါတယ် Sound Art, Media Art စတဲ့ အတွေ့ကြုံသစ်တွေကို ပြည်ပပညာရှင်တွေနဲ့ဖလှယ်နိုင်ခဲ့ပါတယ်။ space ဟာ Online program နဲ့အချိတ်ဆက်ရှိပြီး လက်တွေ့စမ်းသပ်မှုတွေကို အတိုင်းတာတစ်ခုထိပံ့ပိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘက်ဂျက်အခက်ခဲကြောင့် ၂၀၁၉ မှာရပ်နားခဲ့ပါတယ်။ အခုလက်ရှိ 2020 မှာ “What the way we Live in social distancing” အမည်နဲ့ online program အမှတ်(၄)ကို (ကိုဗစ်၁၉) ကာလအတွင်း ပြုလုပ်ခဲ့ပါတယ်။
8. ခင်ဗျားရဲ့ ပုဂ္ဂလိက အနုပညာရှင်အလုပ်တွေနဲ အနုပညာဆိုင်ရာ့ ပွဲစီစဉ်မှုအလုပ်တွေက အချိတ်အဆက်ရှိလား၊ ဒီအလုပ်ပုံစံနှစ်မျိုးကို ချိန်ညှိဖို့ ဘယ်လိုစိန်ခေါ်မှုတွေကြုံရလဲ၊ ဘယ်လိုအခက်ခဲတွေဖြတ်ကျော်ခဲ့သလဲ။
Curatorial အလုပ်ကိုနားမလည်ခင်က သီးခြားဘဝနှစ်ခုလိုထင်ခဲ့ပေမယ့် တဖြည့်ဖြည်းနားလည်လာချိန်မှာ အနုပညာဖန်တီးမှုနဲ့အတူတူပဲဆိုတာ သိလာပါတယ်။ Artwork တစ်ခုလုပ်ဖို့ တာဝန်ယူမှုတစ်ခုလိုအပ်သလို အဲဒါကိုတင်ပြဖို့အလုပ်ဟာလည်း တာဝန်ယူမှုရှိရပါတယ်။ အနုပညာတစ်ခုဖန်တီးဖို့ မီဒီယံ(အရာဝတ္ထုပစ္စည်း)တွေလိုအပ်သလို၊ ပြပွဲတစ်ခုစီစဉ်ဖို့ အနုပညာလက်ရာတွေ(သို့မဟုတ်)အနုပညာရှင်တွေရဲ့ အတွေးမြင်တွေဟာ မီဒီယံသဘောမျိုးပါ။ အဲဒီမီဒီယံတွေကို ပြပွဲတစ်ခုစီစဉ်ဖို့ဆိုတာ အကြောင်းပြချက်တစ်ခုလိုပါတယ်။ အဲဒီအကြောင်းပြချက်ဟာ Curator တစ်ယောက်ရဲ့ Art creation တစ်ခုလို့ယူဆနိုင်ပါတယ်။ ဒီနေ့ ခေတ်ပြိုင်အနုပညာရှင်တစ်ချို့ဟာ လူမှုရေးကဏ္ဍကို ကိုင်တွယ်ဖန်တီးလာကြတဲ့အခါ society(လူတွေ) ဟာ သူ့ရဲ့မီဒီယံဖြစ်လာသလိုပါပဲ။ ဒါဟာ curatorial နည်းလမ်းတွေထဲကတစ်ခုဖြစ်နိုင်ပါတယ်။ ကျနော့်အနေနဲ့ အဲဒီလို လူမှုကဏ္ဍကို ကိုင်တွယ်ဖန်တီးဖို့ ဆန္ဒရှိပါတယ်၊ အဲဒီအတွက် မိမိရဲ့အနုပညာရှင်ဘဝ အပြောင်းလဲတစ်ချို့တော့ ရှိလာပါတယ်။ ဥပမာ Artworks product သိပ်မရှိတဲ့အတွက် personal Identity ဝေ၀ါးလာသလို၊ အသစ်ရှာဖွေခြင်းတွေများတဲ့အတွက် professional career မှာ အားနည်းလာပါတယ်။ နောက်တစ်ချက်က ကိုယ့်နိုင်ငံရဲ့အနုပညာစနစ်မှာ Curatorial or Art management စနစ်သေချာမရှိ၊ ပံ့ပိုးမှုမရှိတဲ့အတွက် အလုပ်ရပ်တည်မှုမှာလဲ ခက်ခဲပါတယ်။
9. ၂၀၁၉ ခုနှစ်ကလုပ်ခဲ့တဲ့ ခင်ဗျားရဲ့ ပါဖောမင့် 'A Book of Institution, Republic of the Union of Artopia’ ဆိုတဲ့လက်ရာမှာ ပရိသတ်တွေရဲ့သွေးနဲ့ကျောက်ပြားတွေပေါ်မှာရောနှောဖြည့်စွက်ခဲ့တယ်၊ အဲဒီလက်ရာရဲ့အိုင်ဒီယာနဲ့ ပရိသတ်တွေရဲ့တုန့်ပြန်မှုကိုရှင်းပြပါလား။
စာအုပ်(Book form)နဲ့ Artwork (3) ခု ကျနော်ဖန်တီးဖူးပါတယ်၊ ပထမတစ်ခုက နယူးယောက်မှာ Open studio လုပ်ခဲ့စဉ်ကတစ်ခုနဲ့၊ ရန်ကုန် Myanm/art space မှာလုပ်ခဲ့တဲ့ “The Segments” ပြပွဲမှာတစ်ကြိမ်ပါ။ အခုမေးတဲ့ A book of institution of the Union of Artopia” ပါဖောမင့်က ကျနော့်ရဲ့ “Consciousness of realities” solo ပြပွဲဖွင့်ပွဲမှာပြုလုပ်ခဲ့တာပါ။ ကိုယ်တိုင်နဲ့ ပြပွဲပရိသတ်ထဲက ပါ၀င်လိုသူတွေရဲ့သွေးကို ဖေါက်ပြီးရောနော အသုံးပြုခဲ့တာပါ။ စာအုပ်က မြန်မာနိုင်ငံရဲ့2008 ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို refer လုပ်ထားတာပါ။ ဒီအခြေခံဥပဒေဟာ မတရားမှုတွေ ဘက်လိုက်မှုတွေ အမြတ်ထုတ်ကာကွယ်မှုတွေ များစွာပါတယ်လို့ ဆိုကြပါတယ်။ ဒီလက်ရာမှာတော့ နိုင်ငံရဲ့(အတ္တအခြေပြုတဲ့)အနုပညာဖွဲ့စည်းပုံစနစ်ကြီးကို ဝေဖန်ထားတာပါ။ လက်ရာရဲ့ဖေါ်ပြချက်မှာ ..(“ စာအုပ်မျက်နှာပြင်က မျိုးစပ်ချေးပိုးထိုးကောင်ပုံတွေ ဟာ လက်ရှိနို်င်ငံရဲ့ ဒီမိုကရေစီနဲ့အာဏာရှင်အသွင်သဏ္ဍာန်အရောကြားက နှစ်မျိုးစပ်ရှင်သန် နေသူများကို ကိုယ်စားပြုပါတယ်။ တည်ဆောက်ခြင်းနဲ့ ကိုက်စားဖျက်စီးခြင်းကို သတိမူခြင်း မရှိတစ်ပြိုင်တည်းလုပ်ဆောင်နေကြတာတွေရှိလာပါတယ်။ လူသားဟာ အတ္တဗဟိုပြုအခြေခံ စိတ်ညွတ်တိမ်းမှုတွေကိုလွန်ဆန်နိုင်ဖို့ ခက်ပါတယ်၊ တစ်ဖန် အယူသီးလွန်းခြင်း၊ ရိုးအခြင်းနဲ့ အလွန်မင်းတပ်မက်စွဲလမ်းမှုတွေက လူမှုအသိုင်းဝိုင်းကနေမကျွတ်လွတ်ဘဲ သက်ရှိရုပ် သဏ္ဍာန်မျိုးစုံနဲ့ ဘဝသစ်တစ်ဖန်ကျင်လည်နေကြပါတယ်။ ပဒေသရာဇ်စိတ်နဲ့အုပ်ချုပ်သူတွေ ရဲ့ ဂုဏ်ပကာသနနဲ့ တလွဲဝါဒအစွန်းရောက်မ ှုတွေအတွက် ပြည်သူရဲ့သွေးတွေရောနှော ဖြည့်သွင်းအသက်ဆက်ပေးကြရတယ်”)…. လို့ဖေါ်ပြခဲ့ပါတယ်။
10. ခင်ဗျားရဲ့ အက်ဆေး ’Changes and Uncertainties in Contemporary Myanmar Art' (2017) မှာ မြန်မာခေတ်ပြိုင်အနုပညာတိုးတက်မှုကိုနှောင့်နှေးစေတဲ့ အကြောင်းချက်တော်တော်များများကိုပြောထားတယ်၊ ပရိုဖက်ရှင်နယ်ပြပွဲစီစဉ်သူ မရှိသေးဘူး၊ ပြည်ပအနုပညာဘွဲ့ရလူငယ်တွေနဲ့ပြည်တွင်းအနုပညာဘွဲ့ရတွေကြားက ခြားနားမှုတွေ စသဖြင့်၊ အဲဒီဆောင်းပါးရဲ့ရေးဖြစ်ပုံနဲ့ ရည်ရွယ်ချက်လေးရှင်းပြပါ။
အဲဒီကာလ အခြေနေမှာ Art scene တစ်ခုအနေနဲ့ လုံလောက်တဲ့ Scholor ပညာတတ်အလွန်နည်းပါးခြင်းဟာ အဓိကပြောလိုတဲ့အချက်ပါပဲ။ ပြည်ပပညာသင်လူငယ်တွေကို အရေးပါတဲ့အပြောင်းလဲလုပ်နိုင်တဲ့နေရာတွေမပေးတဲ့အတွက် လူငယ်အများစုက Outsider တွေဖြစ်ကုန်ကြပြီး ဆန့်ကျင်ခွဲထွက်သွားဖို့ဆီကိုတွန်းပို့နေတာပါ။ အစိုးရဟာ အခြားကဏ္ဍတွေပြုပြင်ဖို့တာစူနေပေမယ့် အနုပညာကဏ္ဍမှာ အလွန်လက်နှေးဆဲဖြစ်ပါတယ်၊ ဒါမှမဟုတ် ဘယ်ကစရမယ်မှန်းမသိတာလည်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အနုပညာကိုအပျော်သက်သက်(သို့မဟုတ်)၀ါဒဖြန့်ဖို့လောက်သာနားလည်သူတွေများနေဆဲပါ။
အစိုးရပံ့ပိုးမှုမရှိလို့ အနုပညာတိုးတက်မှုမရှိတာလား၊ မထင်ပါဘူး၊ အနုပညာအသစ်တိုးတက်မှုမရှိလို့ အစိုးရပံ့ပိုးမှုတွေမရှိတာလို့လဲ စဉ်းစားစရာပါပဲ။ လက်တွေ့မှာလည်း နိုင်ငံရဲ့အရေးပါတဲ့ယဉ်ကျေးမှုအဆောက်အုံတွေ၊ ဌာနတွေနဲ့ အခွင့်လမ်းတွေဟာ ယခင်အာဏာရှင်လက်ဝေခံတွေရဲ့စီပွားရေးလက်ဝါးကြီးအုပ်မှုအောက်မှာပဲရှိနေတဲ့အတွက် ထိလို့ကိုင်လို့မရနိုင်ပါ။ ဘာပဲဖြစ်ဖြစ် တစ်ချို့သောအခြေခံပေါ်လစီတွေဟာ လုံးလုံးပြောင်းလဲပြစ်မှ ဖြစ်မယ့်အနေထားရှိပါတယ်၊ အထူးသဖြင့် (ပြည်ပသရုပ်ပျက်ယဉ်ကျေးမှုများကို တာဆီးကာကွယ်ရမည်) ဆိုတဲ့အချက်မျိုးဖြစ်ပါတယ် (သရုပ်ပျက်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ဖွင့်လဲမသိပါ)၊ နိုင်ငံတကာ အနုပညာဖလှယ်မှုတွေအလွန်နည်းပါးရခြင်းဟာ အဲဒီအချက်ပါပဲ။ ဒီအခြေနေကို ပြုပြင်နိုင်ဖို့ ပညာရပ်အခန်းကဏ္ဍက ရှေ့ရောက်လာဖို့ အလွန်လိုပါတယ်။ ပြည်တွင်းမှာပညာသင်သူဖြစ်စေ ပြည်ပမှာသင်ယူခဲ့သူဖြစ်စေ တာဝန်ရှိပါတယ်။ အဲဒီဆောင်းပါးမှာ ပြည်တွင်းနဲ့ပြည်ပ အခြေခံအတွေးခေါ်မတူညီတာကို ချိန်ညှိနိုင်ဖို့ စဉ်းစားနိုင်ဖို့ ထည့်ပြောဖြစ်ခဲ့တာဖြစ်ပါတယ်။
11. ဆောင်းပါးရဲ့အဆုံးမှာ မြန်မာအနုပညာရှင်တွေ အနေနဲ့ နိုင်ငံတစ်ကာအဖွဲ့စည်းတွေနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်ကိုပြောထားတယ်၊ အခွင့်အလမ်းပိုင်းဆိုင်ရာ အကျိုးအမြတ်မျှတမှုမှာ ဘယ်လောက် မျှတမှုရှိတယ်ဆိုတာစဉ်းစားဖို့နဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုအနုပညာ ပေါ်လစီတစ်ချို့ကိုပြောင်းလဲဖို့တွေပါဝင်တာတွေ့ရတယ်။
ဆိုတော့ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ဘယ်လိုအခြေနေတွေကိုရည်ညွှန်းတာလဲ၊ နောက်ပြီး ဘယ်လို ယဉ်ကျေးမှုအနုပညာပေါ်လစီတွေက ပြောင်းလဲဖို့လိုအပ်နေလဲဆိုတာ ပြောပြပါ။
လက်ရှိယဉ်ကျေးမှုပေါ်လစီက ဆိုရှယ်လစ်အစိုးရ အာဘော်ဖြစ်ပါတယ်၊ ရိုးရာအမွေနှစ်ကိုထိန်းသိမ်းဖို့အလေးပေးထားပေမယ့် Autocracy/Centralization ဖြစ်တဲ့ မျိုးချစ်စိတ်၊ ဇာတိမာန် ဆိုတာတွေကို ဟိုက်လိုက်လုပ်ထားတဲ့အတွက် လူမျိုးဇာတိအလွန်များပြားပေါင်းစည်းနေတဲ့ နိုင်ငံတစ်ခုအတွက်အားနည်းချက်တွေများစွာဖြစ်နေတာလို့ထင်ပါတယ်။ ပဒေသရာဇ်ဆန်တဲ့ Patriotism ကိုလူမှုရေးမှာ ၀ါဒဖြန့်ပေးထားတဲ့အတွက် Multiculturalism လက်မခံအားမပေးတာထင်ရှားပါတယ်။ ယဉ်ကျေးမှုဆိုတာကို သိမြင်နားလည်ခြင်းဟာ ကျဉ်းမြောင်းနေတဲ့အတွက် ပညာရေးလူမှုရေးမှာ တိုးတက်ဖွင့်ဖြိုးမှုနှောင့်နှေးစေခဲ့ပါတယ်။ ယနေ့လက်ရှိအချိန်ထိ ယခင်အာဏာရှင်ပုံစံကျ ပြုစုထားတဲ့စနစ်တွေကိုလက်ခံလုပ်ကိုင်နေကြဆဲဖြစ်တာ တွေ့ရပါတယ်။
ပြည်ပအဖွဲ့စည်းတွေဖြစ်တဲ့ အမေရိကန်စင်တာ၊ ဗြိတိသျကောင်စီ၊ ဂိုသဲအင်စတီကျူနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့လို အဖွဲ့စည်းတွေဟာ မြန်မာအနုပညာကို တဖက်တစ်လမ်းက ကူညီခဲ့တာ ကာလများစွာပါ။ သို့ပေမယ့် မြန်မာနိုင်ငံမှာ အနုပညာအခန်းကဏ္ဍဟာ မကျယ်ပြန့်သလို အထက်မှာဖြေခဲ့သလိုပဲ ပေါ်လစီအတားဆီးတွေကြောင့် ပြည်ပ(ဒီပလိုမေစီ)ဆက်ဆံမှုမှာ အလွန်အားနည်းပါတယ်။ ပြပွဲတွေ၊ အနုပညာဖလှယ်မှုတွေ၊ ရလဒ် နည်းစနစ်ကျတဲ့ အလုပ်ရုံဆွေနွေးပွဲတွေ အလွန်နည်းပါးပါတယ်၊ ဒီနေရာမှာ ပြည်တွင်းရဲ့ ကန့်သတ်မှုအမျိုးမျိုးတွေဟာ နှစ်ဦးနှစ်ဖက်လုံးမှာ အတားဆီးတွေဖြစ်လာပြီး အနုပညာကျယ်ပြန့်မှုတွေကို လူတိုင်းဆီမရောက်အောင် အကန့်သတ်ဖြစ်လာစေပါတယ်၊ ပြီးတော့ ရလဒ်တွေကိုချိန်ညိဖို့လည်းခက်လာစေပါတယ်။ ဒါဟာ လူမှုအသိုင်းဝိုင်းရဲ့ အနုပညာတိုးတက်မှုကိုပါ ဟန့်တားထားသလိုဖြစ်နေပြီး ဘက်ညီမျှတမှုတွေ မလုပ်နိုင်တဲ့အခြေနေမျိုးဖြစ်လာပါတယ်။ အဲဒီအတွက် နောင် အနုပညာပွဲတွေဟာ ဒီလိုချိန်ညှိမှုတွေရှိလာရင် ပြည်တွင်းအနုပညာလောကအတွက် ပိုမိုတိုးဖွံ့ဖြိုးလာဖို့ရှိကြောင်း ထည့်ရေးဖြစ်ခဲ့တာပါ။
(optional question) 12. လက်ငင်း အနုပညာအစီစဥ်သစ် ပြပွဲအသစ် ဘာတွေရှိနေလဲ...။
Project အသစ်ကတော့ မြန်မာနိုင်ငံရဲ့ Media Art အခြေနေကို survey လုပ်ချင်တာပါ။
ခုလိုဖြေကြားခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ .....
Comments