အင်ဖော်မေးၡင်းလှိုင်းတံပိုးများနှင့် အနုပညာ၏ လစ်လျှူရှုခြင်းသဘောတရား
- Aung Myat Htay
- 2 days ago
- 2 min read
Opinion:

“Attention ရလိုမှုအတွက်ရည်ရွယ်တဲ့ အင်ဖော်မေးရှင်းဟာ ဗျူဟာတစ်ခုဖြစ်လာခဲ့ရင် လစ်လျှူရှုခြင်းဟာ ကိုယ်ရဲ့နည်းလမ်းဖြစ်လာတယ်။” …
၁။ ဆွန်ဇူးရဲ့ကမ္ဘာကျော် “စစ်ပွဲအနုပညာကျမ်း”မှာ အလွန်မှတ်သားစရာကောင်းတဲ့နည်းတစ်ခုၡိတယ်၊ အဲဒါက ကျနော်တို့ဘ၀အတွက်ရော အနုပညာအတွက်ပါအလွန်ကျေးဇူးပြုတဲ့ အတွေးခေါ်တစ်ခုပဲ၊ သူပြောတာက “အပြောင်မြောက်ဆုံးသောစစ်ပွဲအနုပညာဆိုတာ တဖက်(ရန်သူ)ကို တိုက်ခိုက်စရာမလိုပဲ အောင်နိုင်ခြင်းပဲ” * တဲ့။ (ဒီနေရာမှာ ရန်သူဆိုတာ ဥပဇာသဘောဖြစ်ပြီး၊ ကိုယ်ဖြေၡင်းရမယ့်အလုပ် သို့မဟုတ် မိမိကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်)။
၂။ ဗုဒ္ဓရဲ့ထူးခြားပြောင်မြောက်တဲ့တရားတွေထဲ အလွန်မှတ်သားနာယူဖွယ်ကောင်းတာက “လောကမှာအောင်နိုင်ခြင်းအမျိုးမျိုးၡိတဲ့အထဲ မိမိကိုယ်ကိုယ်အောင်နိုင်ခြင်းဟာ အကြီးမားဆုံးအောင်နိုင်ခြင်းပဲ” ဆိုတဲ့တရားပါ။ မိမိကိုယ်ကိုယ်အောင်နိုင်ခြင်းဆိုတာ မိမိရဲ့မွေးရာပါအရိုင်းစိတ်ကိုသိနားလည်စွာ ချွန်းအုပ်နိုင်ခြင်းဖြစ်လို့ မတိုက်ခင်ကအောင်နိုင်ခြင်းမျိုးပါပဲ၊ ဒါကို မလုပ်နိုင်ရင် မိမိကိုယ်တိုင်ဟာမိမိရဲ့ရန်သူဖြစ်လာမှာ မဟုတ်လား။
…..
၃။ ဒီနေရာမှာ တိုက်ခိုက်စရာမလိုတဲ့အောင်နိုင်ခြင်းဆိုတာ ဘယ်လိုမျိူးလဲ၊ savage-man စိတ်က မတိုက်ရင်အရှုံးလို့တွေးပြီး ကိုယ်တိုင်လုပ်ဖို့စဥ်းစားတာ၊ အနုပညာမှာ လက်အစွမ်းအသားပေးသူဟာ ကိုယ်တိုင်မလုပ်ရင်အနုပညာမဟုတ်ဘူးလို့မြင်သလိုပါပဲ၊ အနုပညာရှင်တွေက ဒါကိုပြောင်းလဲလိုက်တယ်၊ မာဆယ်ဒူးရွန်းရဲ့ ရယ်ဒီမိတ်အနုပညာဟာ အဲဒီအတွက် ဥပမာကောင်းတစ်ခုပဲ (သူက indifference “လစ်လျှူရှုခြင်းး”လို့ သုံးပါတယ်)၊ သူပြောတာက “ဘဝနေနည်းတစ်ခုလိုပြောရရင် ငြင်းပယ်ခြင်းဟာ တစ်ခုတည်းသော လစ်လျှူရှုခြင်းးပဲ၊ ဒါက ဘ၀ရဲ့လွတ်မြောက်ခြင်းအစစ်ပဲ၊ ကိုယ့်အကြိုက်၊ အလှအပ/ရသတွေနဲ့အကောင်းဆိုး ခွဲခြားသတ်မှတ်ဝေဖန်ခြင်းတွေကနေပါ လွတ်မြောက်စေတယ်” တဲ့ ** ၊ နောက်ပိုင်း ပို့စ်မော်ဒန်နဲ့ မီနီမယ်လစ်တို့ရဲ့အနုပညာဟာ ထို့အတူပါပဲ၊ ကိုယ်တိုင်မလုပ်ခြင်းဆိုတာ ကိုယ့်အကြိုက်တွေကိုၡောင်ဖို့နဲ့ ဝါဒစွဲပဋိပက္ခတွေ ကင်းဖို့ပါ။
၄။ အနုပညာအတွက်ဆို ဆွန်ဇူးရဲ့(မတိုက်ရပဲအောင်နိုင်ခြင်း)အယူအဆဟာ လက်စွမ်းထက် အတွေးမြင်ကို ပိုမြင်စေတယ်၊ ဒူးရွန်းရဲ့“လစ်လျူရှုခြင်း” ဆိုတာအဲဒါပဲ။ ဒါက အခြေနေအားလုံးအပေါ် မိမိအကြောင်းနဲ့ တဖက်သူအကြောင်း ဦးစွာသိနားလည်ခြင်းပဲ၊ ကမ္ဘာပေါ်က ပဋိပက္ခအားလုံးရဲ့မူလအစဟာ အဲဒီ၂ ချက်လုံး မရှိခြင်းမှာအခြေခံတယ်၊ ဒါက ဒီနေ့ခေတ် ထင်ယောင်မှားစိတ် illusion တွေကြောင့်ပါပဲ။ ဒါကို “လူသားရဲ့ရှေးကျတဲ့ကြောက်ရွံ့မှု”လို့ခေါ်ပြီး ဒဿနိကဗေဒမှာ ပလေတိုရဲ့ ဂူနံရံဥပစာ (Allegory of the Cave) နဲ့ တင်စားတယ်၊ ဗုဒ္ဓနဲ့ဟိန္ဒူဘာသာတွေမှာလည်း အဲဒီသဘောကို အဝိဇ္ဇာ၊ မာယာ စတဲ့သဘောတွေနဲ့ပြတယ်။ အထူးသဖြင့် လူတွေဟာ intellect/wealth/power ရှိသလောက် မိမိကိုယ်ကိုယ်မသိ/မအောင်နိုင်လို့ (မိမိတည်ၡိမှုဟာ အခြားသူပျက်စီးမှုမှာအခြေခံနေရတဲ့) မိမိကြမ္မာကို အခြားသူအပေါ်အခြေခံစဉ်းစားနေတဲ့ savage man အဆင့်ဖြစ်လို့ပါပဲ၊ ဆွန်ဇူးရဲ့အလိုအရတော့ အဲဒါဟာ ဘယ်တော့မှ ပြောင်မြောက်တဲ့အောင်နိုင်မှုမျိုးဖြစ်လာဖွယ်မၡိပါ။
…..
၅။ ဒီနေ့ခတ်ဟာ အင်ဖော်မေးၡင်းချယ်လှယ်နေတဲ့ခေတ်ဖြစ်တယ်၊ social media, propaganda, mass media, ideology, AI နဲ့ virtual reality တွေဟာ ပလေတိုရဲ့ဥပစာထဲက ဂူနံရံပေါ်ကအရိပ်တွေကို ထပ်ခါထပ်ခါ မြင်နေရတဲ့အခါ အဲဒါကို အမှန်တရားလို့ ယုံကြည်ပြီး စစ်ဆေးခြင်း၊ မေးခွန်းထုတ်ခြင်းကင်းမဲ့လို့ မိမိယုံကြည်ထားတာကိုတောင် ပြန်လည်မဆန်းစစ်နိုင်တော့တဲ့ (ဂူပြင်ပကိုမသိမမြင်တဲ့) လူသားဘ၀တွေဖြစ်လာတယ်။
၆။ ဒီနေရာမှာ အင်ဖော်မေးၡင်းဟာ ပုံစံသစ်တွေအဖြစ်တိုးတက်လာတဲ့အခါ အရိပ်နဲ့ အစစ်မှန်ကို မခွဲခြားနိုင်တော့ဘူး၊ AI ကရတဲ့ သတင်းအချက်လက်တွေဟာ လက်တွေ့ဘ၀ကိုဖုန်းအုပ်လို့ (အပြစ်အနာဆာကင်းတဲ့အတုယောင်ဘ၀မျိုး) ပုံဖျက်ပစ်နေတယ်။ အရင်ကၡားပါးတဲ့အချက်လက်တွေက ဒီနေ့အလွယ်တကူရလို့ မိမိလက်ပေါ်ရောက်လာတော့ အားလုံးသိသူလို့ မိမိကိုယ်ကိုယ်ထင်လာတယ်၊ ဒါဟာ တနည်းအားဖြင့် မိမိရဲ့ပျက်စီးမှုအစပဲ။ ဒါကိုကြိုသိသူတွေက အနုပညာရဲ့နည်းလမ်းကိုချပြထားခဲ့တယ်။
၇။ လစ်လျှူရှုခြင်းဆိုတာ မိမိကိုယ်ကိုယ်နဲ့အခြားအရာတွေအပေါ် ကောင်းစွာသိမြင်နားလည်ခြင်းဖြစ်သလို အနုပညာကို (ကိုယ်တိုင်/တစ်ဦးတည်း)မလုပ်ခြင်းဟာ ပြင်ပကိုပိုသိနားလည်ခြင်းပါပဲ။ ဒီနေရာမှာအတွေးခေါ်ကိုအသုံးပြုပုံက အခရာပါ၊ အခြားသူလုပ်တာကို မိမိအနုပညာလို့ပြောဖို့မဟုတ်၊ အတွေးခေါ်ဆိုတာ ယာဉ်တစ်စီးပါပဲ၊ ဘယ်သူ ဘယ်လိုမောင်းနှင်သလဲဆိုတာ စကားပြောတယ်။ victory without battle ဆိုတာ ဥပယ်တမျှင်/ဉာဏ်သဘောပါ၊ ဘာမှမလုပ်ပဲထိုင်နေခြင်းမဟုတ်၊ အလုပ်ပုံစံပြောင်းသွားခြင်း ပိုမိုခိုင်မာအသေးစိတ်သွားခြင်းပဲ။ ဥပယ်တမျှင်ဆိုတာ scam မဟုတ်၊ ကိုယ်ကျင့်တရားရှိတဲ့ဉာဏ်အမြင်ပါ။ ဒီတော့ အတွေးခေါ်တစ်ခုကို ဘယ်သူကဘယ်လိုလက်တွေ့ကျင့်သုံးသလဲဆိုတဲ့ပေါ်မူတည်ပြီး ရလဒ်အဖြေတွေဟာ ပြောင်းသွားမှာပါ။
(ဆက်ရန်)
….
*”The supreme art of war is to subdue the enemy without fighting." Sun Tzu (BC 544-496)
** “As a strategy, 'the only refutation is indifference; it helps in escaping from taste and aesthetics, and from judging or categorizing into positive and negative.” (Marcel Duchamp)
…
ဤ အယူအဆ ဆောင်းပါးသည် #thoughtonartbyAMH စာမူ၏အစိတ်အပိုင်းဖြစ်ပါသည်။
အောင်မြတ်ဌေး
၂၃၊ သြဂတ်စ်၊ ၂၀၂၆
Comments